မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ပရီးမီးယားလိဂ်ကို အောင်နိုင်မှုက စစ်မှန်တဲ့ အဆင့်အတန်းဖြစ်ပြီး ချန်ပီယံလိဂ် အနိုင်ရဖို့ကတော့ ကံကောင်းခြင်း စက်ဝိုင်းကို လှည့်ရသလိုပါပဲလို့ နှိုင်းယှဉ်မှု ပြုလုပ်သွားပါတယ်။

ဒီကနေ့မှာ လီဗာပူးနဲ့ ကွန်မြူနတီဒိုင်းပွဲ ယှဉ်ပြိုင်ကစားရဦးမှာဖြစ်လို့ မန်စီးတီးက ပြင်ဆင်မှုတွေ လုပ်နေကြောင်း ဂွာဒီယိုလာက ဝန်ခံပေမယ့် အမှတ်ပေးဖလားကို တတိယအကြိမ် အနိုင်ရဖို့ကပဲ သူ့ရဲ့ ဦးစားပေးပါလို့ ပြောခဲ့ပါတယ်။

အပြောင်းအရွှေ့မှာ ငွေသုံးခြင်း မသုံးခြင်းနဲ့ ပတ်သတ်ပြီး အပြန်လှန် ပြောဆိုနေရမှုများကို လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အဆုံးသတ် လိုက်ပြီ ဖြစ်ပါတယ်။ ၄င်းက စီးတီးနည်းပြ ပက်ဂွာဒီယိုလာနဲ့ အပြန်အလှန် လေးစားမှုရှိတဲ့ ဆက်ဆံရေးမျိုး ရှိတယ်လို့ ပြောဆို ခဲ့ပါတယ်။

အဲဗာတန်သို့ ပြောင်းရွှေ့သွားပြီ ဖြစ်တဲ့ စီးတီးခံစစ်မှူးဟောင်း ဖာဘီယန် ဒပ်ဖ်ဟာ အသင်းသစ်နဲ့ ပွဲဦးထွက် အဖြစ် ၀ါဒါဘရီမင်နဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားခွင့်ရခဲ့သော်လည်း ပွဲအစ ၅ မိနစ်မှာတင် ဒဏ်ရာရသွားတာကြောင့် လူစားလဲခဲ့ရပါတယ်။

မန်စီးတီးအသင်းမှ အသက် ၂၀ အရွယ် ဂျာမန်သား တိုက်စစ်သမား Nmecha က ၀ုဗ်ဘတ်အသင်းထံ တစ်ရာသီ အငှား ကစားဖို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဂျာမနီ U21 လက်ရွေးစင်ကစားသမားဟာ အီတီဟက်မှ ဒုတိယအကြိမ် အငှား ထွက်ခွာရခြင်း ဖြစ်ပါတယ်။

ကွန်မြူနတီဒိုင်း ပွဲစဉ် အပြီးမှာ မန်စီးတီးဟာ ဂျူဗင်တပ် ကစားသမား ကန်ဆယ်လိုကို အပြီးသတ် ခေါ်ယူတော့မှာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ ဖြစ်ဖို့ ဂျူဗင်တပ်ထံ စီးတီးက ဒန်နီလိုကို အလိုက်ပေးခဲ့ရတယ်လို့ အီတလီသတင်းများမှာ ဖော်ပြထားပါတယ်။