မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက လာမယ့်ဘောလုံးရာသီမှာ ကွင်းထဲမှာ ရှိတိုင်း အသင်းခေါင်းဆောင် အဖြစ် အက်ရှ်လေ ယန်းက တာဝန်ယူသွားမှာဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။

မန်ယူကစားသမားသစ် ဒန်နီရယ်ဂျိမ်းစ် က ဇာတိမြေမှာ ကလပ်အသင်းအတွက် အဆုံးအဖြတ် ပင်နယ်တီကန်သွင်းခဲ့ပြီး ၀မ်းမြောက်နေကြောင်း ၀န်ခံပြောဆိုခဲ့ပါတယ်။

ဒီကနေ့မှာ ယူနိုက်တက်ဟာ ဘလက်ဘန်းနဲ့ ကွင်းပိတ် ချစ်ကြည်ရေးပွဲ ကစားပါမယ်။ ချယ်ဆီးနဲ့ပွဲမတိုင်ခင် လူစာရင်းကို စမ်းသပ်မယ်လို့ သိရပြီး အခြားသော နည်းစနစ်ဆိုင်ရာ သတင်းတွေ မသိရပါဘူး။

“တည်တည်ငြိမ်ငြိမ်နဲ့ ကောင်းကောင်း ကစားခဲ့တာက ကျနော်တို့ ရဲ့ စိတ်ဓာတ်ကို ပြသပါတယ်။ သရေရလဒ်နဲ့ ပင်နယ်တီ အဆုံးအဖြတ် အတွက် နောက်က လိုက်ကစားခဲ့တယ်။ ကာဒစ်ဖ်မှာ နောက်ဆုံး ပင်နယ်တီကို ကန်သွင်းရတာ သိပ်ကောင်းပါတယ်။ ” လို့ ဝေးလ်သားလေးက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ခံစစ်မှူးသစ်ဖြစ်လာမယ့် မက်ဂွဲရားဟာ မန်ချက်စတာက တည်းခိုခန်းကနေ ကာရင်တန်ကို ဒီကနေ့ နေ့လယ်ပိုင်းက ရောက်လာခဲ့ပါတယ်။ အသင်းနည်းပြ အသင်းဖော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်တိုက်စစ်မှူး လူကာကူဟာ အသင်းမှာ ဘယ်ကစားသမား အမြန်ဆုံးလဲဆိုတဲ့ ဗီဒီယိုကို တွစ်တာမှာ တင်ခဲ့ရာမှာ ဝေဖန်ခံရမှုတွေရှိနေပြီး မန်နေဂျာဆိုးရှားရဲ့ တိုက်တွန်းမှုကြောင့် ပြန်ဖျက်သွားခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်ခံစစ်မှာ လင်ဒီအော့၊ တွမ်ဇီဘီ၊ ဒဏ်ရာရနေတဲ့ ဘိုင်လီတို့ဟာ မက်ဂွဲရားနဲ့ ပိုမိုတွဲဘက်ခွင့် ရသင့်ကြောင်း မှတ်ချက်ပေး ခံနေရပြီး ဖီးဂျုံး၊ စမောလင်းတို့ရဲ့ အနာဂတ်အပေါ် မှတ်ချက်ပေးမှုတွေ ထွက်ပေါ်နေပါတယ်။

အေစီမီလန်နဲ့ ပွဲမှာ ပေါ့ဘာက နောက်ကျော နာကျင်မှု ရှိနေလို့ မပါဝင်နိုင်တာ ဖြစ်ပြီး လူကာကူနဲ့ ဆန်းချက်တို့ကတော့ ကြံ့ခိုင်မှု ပြည့်ဝအောင် ကြိုးစားနေရဆဲ ဖြစ်တယ်လို့ ဆိုးရှားက MUTV မှာ ဖြေကြားထားပါတယ်။

မက်ဂွဲရားကို ခေါ်ယူနိုင်ခဲ့ပြီးနောက် မန်ယူ ပရိသတ်တွေက နောက်ထပ် ကစားသမားတစ်ဦး ခေါ်ယူပေးဖို့ အတွက် တိုက်တွန်းမှုတွေ လုပ်နေကြပါပြီ။ သရဲနီတွေ အလိုရှိနေတဲ့ နောက်ထပ် ကစားသမားကတော့ ဂျူဗင်တပ်မှ ဒိုင်ဘာလာဖြစ်ပါတယ်။

ဒိုင်ဘားလား လူကာကူ အလဲအထပ် အဆင်မပြေ ဖြစ်နေပေမယ့် ဒိုင်ဘားလား အစား ဂျူဗင်တပ် တိုက်စစ်မှူး မန်ဇူကစ်က အပြောင်းအရွှေ့ထဲ ပါဝင်လိုနေပြီး အသင်း ပြောင်းလာဖို့ အသင့် ဖြစ်နေပါတယ်။

ယူနိုက်တက် ဒီနွေမှာ တောက်လျောက် ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဘရူနို ဖာနန်ဒက်စ်က ကလပ်အသင်းကနေ ထွက်ခွာလိုကြောင်း စပို့တင်း လစ္စဘွန်း အသင်းကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ စပို့တင်းက ၄င်းအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ ထိ အလိုရှိနေတာပါ။

မန်ယူနဲ့ လီဗာပူးအသင်းတို့ စောင့်ကြည့်မှုတွေ လုပ်ထာခဲ့တဲ့ ဘက်တစ် ဘယ်အစွန်လူ ဖာပိုဟာ လာလီဂါကလပ် ဘာစီလိုနာအသင်းထံ ယူရို ၂၅ သန်းနဲ့တင် ရောက်ရှိသွားတော့မှာ ဖြစ်ပါတယ်။