ယူနိုက်တက်ဟာ လက်စတာအသင်းနောက်ခံလူ မက်ဂွဲရားကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၈၀ ပေးချေပြီး ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။ မက်ဂွဲရားဟာ ကြံ့ခိုင်မှုပြည့်ဝနေရင် ယူနိုက်တက်အတွက် ပွဲတိုင်းနီးပါး ကစားခွင့်ရရှိမှာ သေချာသလောက်ရှိနေပြီး ကျန်တစ်နေရာအတွက်ပဲ စဉ်းစားရတော့မှာပါ။

မက်ဂွဲရားရဲ့ တွဲဘက် ဗဟိုခံစစ်မှူး တစ်နေရာစာကို အပြိုင်လုရမယ့် ယူနိုက်တက်အသင်းသား ၆ ဦး ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။


ဗစ်တာလင်ဒီလော့ဖ် (၂၅နှစ်)

လင်ဒီလော့ဖ်ဟာ ဘင်ဖီကာအသင်းကနေ စတင်ရောက်ရှိလာတုန်းက နယ်ပယ်သစ်မှာ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာ တစ်ဖြည်းဖြည်းအထိုင်ကျလာပြီး ယမန်နှစ်ရာသီက ယူနိုက်တက်းရဲ့ ဦးစားပေးနောက်ခံလူအဖြစ် အရေးပါတဲ့နေရာကနေ ပါဝင်ခွင့်ရခဲ့ပါတယ်။ အဖြစ်နိုင်ဆုံးကတော့ ယူနိုက်တက်ဗဟိုခံစစ်မှာ မက်ဂွဲရားနဲ့ လင်ဒီလော့ဖ်တို့အတွဲကို တွေ့မြင်ရဖို့ များနေပါတယ်။

ခရစ္စစမောလင်း (၂၉နှစ်)

လာမယ့်ရာသီနဲ့ပါဆို ယူနိုက်တက်မှာ ၁၀ ရာသီမြောက်ဖြစ်လာတော့မယ့် စမောလင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ ၂၀၂၂ အထိရှိမယ့် စာချုပ်သစ်ချုပ်ဆိုထားတာပါ။ လင်ဒီလော့ဖ်နဲ့ မက်ဂွဲရား အတွဲ မကစားနိုင်ရင် ပထမဆုံးအစားထိုး ထည့်သွင်းခံရမယ့် ခံစစ်မှူးလည်း ဖြစ်နိုင်ပါတယ်။

ဖီးလ်ဂျုံး (၂၇နှစ်)

ဖီးလ်ဂျုံးကို ခေါ်ယူဖို့ ၀က်စ်ဟမ်းနဲ့ အဲဗာတန်တို့က စိတ်ဝင်စားခဲ့ပြီး ယူနိုက်တက်ကလည်းသူ့ကို ထွက်ခွာပြုဖို့ ဆန္ဒရှိနေပေမယ့် တရားဝင် ကမ်းလှမ်းမှုတွေ မရပါဘူး။ ဖီးလ်ဂျုံးဟာ စတုတ္ထမြောက် ဦးစားပေးဖြစ်လာနိုင်ပါတယ်။

မားကို့စ်ရိုဂျို (၂၉နှစ်)

အာဂျင်တီးနားလက်ရွေးစင်ဟာ အငှားစာချုပ်နဲ့ ယူနိုက်တက်ကနေ ထွက်ခွာရဖို့ များနေပါတယ်။ ရိုဂျိုအနေနဲ့ အသက် ၂၉နှစ် ရှိနေပြီမို့လို့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ လိုအပ်နေပြီး နောက်တန်းအတွက် စွယ်စုံရကစားသမားဖြစ်နေပေမယ့် လာမယ့် ရာသီ ယူနိုက်တက်ခံစစ်မှာ နေရာရဖို့က အခွင့်အရေး အတော်လေး နည်းနေပါတယ်။

အဲရစ်ဘိုင်လီ (၂၅နှစ်)

ဗီလာရီးရဲလ်ကနေ ပေါင်သန်း ၃၀ နဲ့ ရောက်ရှိလာစဉ်က ပရိသတ်အကြိုက်ကစားသမားတစ်ဦးဖြစ်ခဲ့ပေမယ့် လက်ရှိမှာ ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။ စပါးနဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ၄ လကနေ ၅ လကြား အနားယူနေရပါတယ်။

တွမ်ဇီဘီ (၂၁နှစ်)

တွစ်ဇီဘီကို အမြဲတမ်းစာချုပ်နဲ့ အဆုံးရှုံးခံမှာမဟုတ်တာ သေချာပါတယ်။ ပရီးမီးယားလိဂ်အတွေ့အကြုံ ရရှိစေဖို့ တွမ်ဇီဘီကို ပရီးမီးယားလိဂ်တန်းတက်အသင်းထံ အငှားနဲ့ ထပ်မံစေလွှတ်ဖွယ်ရှိနေပါတယ်။