မန်ယူအသင်းဘက်က စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ပေါ်ထွက်နေတဲ့ အသက် (၁၉) နှစ်အရွယ် လူငယ် ကစားသမားလေး Hakon Evjen ကတော့ မန်ချက်စတာ ယူနိုက်တက်မှာ ကစားရဖို့ဟာ သူ့ဆန္ဒဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ယူ တိုက်စစ်မှူး လူကာကူဟာ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်တယ်။ ဘယ်ဂျီယံသား တိုက်စစ်သမားဟာ ဒီမနက်ကပဲ ဆေးစစ်မှု ခံယူဖို့ အီတလီကို ထွက်ခွာသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

အင်တာမီလန်ဘက်က မန်ယူ အသင်းကို ကနဦး ပေါင် ၆၅ သန်း ပေးမှာဖြစ်ပြီး စွမ်းဆောင်ရည်အလိုက် နောက်ထပ် ပေါင် ၁၂ သန်းပေးမယ့် သဘောတူညီမှုလည်း ပါဝင်ပါတယ်။ လူကာကူဟာ အင်တာမီလန်နဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး ချယ်ဆီးမန်နေဂျာဟောင်း ကွန်တီနဲ့ လက်တွဲသွားရမှာဖြစ်ပါတယ်။

မန်ယူ အသင်းဟာ တိုက်စစ်မှူး လူကာကူကို အင်တာမီလန်ထံ ရောင်းထုတ်ဖို့ သေချာခဲ့တဲ့နောက် ပြန်လည် အစားထိုးဖို့ရာ ဂျူဗင်တပ်တိုက်စစ်မှူး မန်ဇူကစ်နဲ့ ဘီဘာအိုတိုက်စစ်မှူး ဝီလီယံတို့ကို အစားထိုး ခေါ်ယူဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။ မနှစ်ကရာသီ ဘီဘာအိုရဲ့ အဓိက တိုက်စစ်သမား လည်း ဖြစ်သူ ဝီလီယံကို ခေါ်ယူဖို့ဆိုရင်တော့ ပြောင်းရွှေ့ကြေး မြင့်မားနိုင်ပါတယ်။

မန်ယူအသင်းဟာ ကလပ်အသင်း ခံစစ်မှူး စမောလင်းအတွက် မာဆေးဆိုဒ်ကလပ် အဲဗာတန်အသင်းဘက်က အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်း Sky Sports က ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အိုလီဂန်နာဆိုးရှား လက်အောက်မှာ ဘောလုံးပိုင်ဆိုင်မှု အသားပေးတဲ့ ကစားပုံကို ပြန်သုံးခဲ့ပြီး ရာသီသစ် မစခင် အသင်းဟာ ပိုပြီး စိတ်အားထက်သန်နေတယ်လို့ လုခ်ရှောက ယုံကြည်နေပါတယ်။

မန်ယူ ဒီနွေမှာ ပစ်မှတ်ထားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဇာဟာ က ၄င်းကို ထွက်ခွာခွင့်ပြုဖို့ ပဲလေ့စ်အသင်းထံ ပြောင်းရွှေ့ခွင့် တင်ခဲ့ကြောင်း သတင်းထွက်လာပြီးနောက် ဇာဟာကို ခေါ်ယူဖို့ ပြန်ကြိုးစားရန် မန်ယူ ပရိသတ်များက တောင်းဆိုမှုတွေ ရှိနေပါတယ်။ ဇာဟာကို လတ်တလော ကြိုးပမ်းနေတာကတော့ အဲဗာတန်အသင်း ဖြစ်ပါတယ်။