ယနေ့ည စူပါဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်နှစ်သင်း ထိပ်တိုက်တွေ့မှု အဖြစ် လီဗာပူးနဲ့ ချယ်ဆီးတို့ ယှဉ်ပြိုင် ရတော့မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းကို စွန့်ခွာဖို့ သတင်းတွေပြေးနေတဲ့ နောက်ခံကစားသမား လိုဗရန်ရဲ့အနာဂတ်ဟာ ရေရာမှု မရှိသေးပဲ လာမယ့် သီတင်းပတ် အနည်းငယ် အထိ စောင့်ကြည့်ရဦးမှာပါ။

နယ်သာလန်သား ကွင်းလယ်ကစားသမား ဝိုက်နယ်ဒမ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ မန်နေဂျာ ယာဂင်ကလော့ပ်ဟာ CR7 အမှတ်တံဆိပ် ဘောင်းဘီတိုဝတ်ဆင်ပြီး Team talk ပြောခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ထိုသို့ ကလော့ပ်ရဲ့ ရယ်စရာကောင်းတဲ့ အပြုအမှုက အသင်းသားတွေကို ဖိအားတွေ လျော့စေခဲ့ကြောင်း ဝိုက်နယ်ဒမ်က ဖွင့်ဟခဲ့ပါတယ်။

မကြာမီ လအနည်းငယ် အတွင်းမှာ ကျင့်ပတော့မယ် Ballon d’Or ဆုအတွက် ရေပန်းစားနေမှုအပေါ် ဂုဏ်ယူမိကြောင်း လီဗာပူး နောက်ခံလူ ဗန်ဒိုက်က ၀န်ခံပြောကြားလိုက်ပါတယ်။

လီဗာပူးက အသစ်ခေါ်ယူထားနိုင်ခဲ့တဲ့ ဂိုးသမား အက်ဒရီယန်ဟာ တကယ့်ကို အတွေ့အကြုံ ပြည့်ဝတဲ့သူ ဖြစ်ပြီး တစ်သင်းလုံးကလည်း သူ့ကို ကူညီပေးကြဖို့ အဆင်သင့်ဖြစ်နေကြောင်း ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။

မာနေးကတော့ သူဟာ ချယ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမယ့် UEFA Super Cup ပွဲစဉ်မှာ ၀င်ရောက် ကစားဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။

ချယ်ဆီးအသင်းတိုက်စစ်သမား ပတ်ဒရိုက လက်ရှိ ကမ္ဘာအကောင်းဆုံး ခံစစ်မှူးနှစ်ဦးထဲမှာ ဗန်ဒိုက်က တစ်ဦး အပါအဝင်ဖြစ်ပြီး သူ့ကို ယှဉ်ပြိုင်နိုင်တဲ့ နောက်ထပ် ခံစစ်မှူးဆိုလို့ စပိန်အသင်းခေါင်းဆောင် ရာမိုစ့်ပဲ ရှိပါတယ်လို့ ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးက အသင်းကို အားပေးနေတဲ့ ပရိတ်သတ်တွေအပေါ် ကလော့ပ်က ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့ပြီး ချယ်ဆီးအသင်းနဲ့ ပွဲစဉ်မှာလည်း ဆက်လက်အားပေးမှုတွေ ပြုလုပ်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။