မန်ယူအသင်း တိုက်စစ်မှူး ရက်ဖို့ဒ် ဟာ ဒီရာသီ ပွဲဦးထွက် ချယ်ဆီးနဲ့ ပွဲမှာတော့ သွင်းဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့ကာ အဖွင့်လှခဲ့ပါတယ်။ ရက်ဖို့ဒ် ဟာ ယူနိုက်တက်ကို နည်းပြဆိုးလ်ရှား ရောက်ရှိလာခဲ့ပြီးနောက် အသင်းရဲ့ အဓိက လူစာရင်းမှာ ပါဝင်လာခဲ့သူပါ။ ဒီနွေမှာ လူကာကူ အသင်းကနေ ထွက်ခွာသွားခဲ့ပြီဖြစ်တာကြောင့် အသင်းရဲ့ တိုက်စစ်ကို တာဝန်ယူသွားရတော့မှာဖြစ်ပါတယ်။

အင်္ဂလန်သား တိုက်စစ်မှူး ရက်ဖို့ဒ် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတုန်းက မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး တစ်ဦးအတွက် ဒီထက်ပိုမိုများပြားတဲ့ သွင်းဂိုးတွေ ယူဆောင်ပေးဖို့ လိုအပ်နေပါတယ်။

ဆိုးလ်ရှား ကတော့ မန်ယူ တိုက်စစ်သမား ကို ချီးကျူးခဲ့ပြီး ဒီရာသီမှာ မန်ယူအသင်းနဲ့ အတူ ပိုမိုတောက်ပလာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

” ပြီးခဲ့တဲ့ နားရက် တုန်းက ကျနော် မားကပ် နဲ့ ဆုံဖြစ်ပါတယ်၊ သူ့ကိုကြည့်ရတာ မနှစ်ကထက် ပိုပြီးလည်း တိုးတက်လာတာတွေ့ရတယ်၊ ချယ်ဆီး နဲ့ ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြသသွားတယ်။ သွင်းဂိုးနှစ်ဂိုးလည်း ရယူပေးသွားနိုင်ခဲ့တယ်၊ ပင်နယ်တီ ဧရိယာအတွင်းမှာ သူ့ လှုပ်ရှားမူတွေ ပိုပြီးကောင်းမွန်လာအောင် ကျနော် ကူညီပေးသွားမှာပါ၊ ဒီရာသီမှာ ရက်ဖို့ဒ် ဟာ ထိပ်တန်းအဆင့်တစ်ခုကို ရောက်ရှိဖို့မြင်နိုင်ပါပြီ ” လို့ ပြောကြားသွားခဲ့ပါတယ်။

ရက်ဖို့ဒ် ဟာ လူကာကူ မရှိတော့တဲ့ နောက်ပိုင်း အရင်နှစ်ကနဲ့မတူကွဲပြားခြားနားတဲ့ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းသွားရမယ်ဆိုတာ သူ နားလည်ပြီးသား ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိ မန်ယူ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရက်ဖို့ဒ်၊ မာရှယ်၊ ဆန်းချက်စ် နဲ့ ဂရင်းဝုဒ် တို့ ၄ ဦးရှိနေပြီး နည်းပြဆိုးလ်ရှားက ဒီ ကစားသမားတွေ ကိုသာ အသုံးပြုသွားဖို့ရှိနေတာဖြစ်ပါတယ်။

မန်ယူက ဒီရာသီ အပြောင်းအရွေ့ဈေးကွက်မှာ လူကာကူ ကိုရောင်းချခဲ့ပေမယ့် ကစားသမားသစ် ခေါ်ယူမူ ပြုလုပ်ခဲ့ခြင်းမရှိပဲ အသင်းရဲ့ ယိုယွင်းခဲ့တဲ့ ခံစစ်ကိုသာ အဓိက အားဖြည့်ခဲ့ပါတယ်။