ယနေ့ည အစ္စတန်ဘူလ်မှာ ကျင်းပမယ့် စူပါဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်နှစ်သင်း ထိပ်တိုက်တွေ့မှု အဖြစ် လီဗာပူးနဲ့ ချယ်ဆီးတို့ ယှဉ်ပြိုင် ရတော့မှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ အားထားရတဲ့ ကစားသမား အီဒင်ဟာဇက် ထွက်ခွာသွားပြီးနောက် ၄င်း နေရာကို အခြားတစ်ယောက်နဲ့ တိုက်ရိုက် အစားထိုးဖို့က မဖြစ်နိုင်ဘူးလို့ လမ်းပတ်က ယုံကြည်နေပါတယ်။ ဟာဇက်ဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ခုနစ်ရာသီကြာ တောက်ပ ခဲ့ပေမယ့် ပြီးခဲ့တဲ့ နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ထံ ယူရို သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ချယ်ဆီး ကွင်းလယ်ကစားသမား ကန်တေဟာ ဒဏ်ရာ ရှိနေတာကြောင့် လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် စူပါကပ်ဖလား လုပွဲမှာ ပါဝင်နိုင်ဖို့ မသေချာနိုင်ဘူး ဖြစ်နေပါတယ်။ ပြင်သစ်သားဟာ ယခင်က တံကောက်ကြောနဲ့ ဒူးဒဏ်ရာများ ရှိထားသူ ဖြစ်ပြီး ဒီတကြိမ်ကတော့ အသေးစား ဒဏ်ရာ ဖြစ်လို့ ကစားနိုင်မလား စောင့်ကြည့်ဆဲ အခြေအနေလို့ သိရပါတယ်။

“လီဗာပူးရဲ့ အရည်အသွေးကို ကျနော် နားလည်တယ်။ ချန်ပီယံလိဂ် ဖလားကို ထိုက်ထိုက်တန်တန် အောင်မြင်ထားတဲ့ အသင်းပါ။ သူတို့မှာ ထူးချွန်တဲ့ နည်းပြ ကလော့ပ်နဲ့ ကစားသမားတွေ ရှိတယ်။ ဒါက ကြီးမားတဲ့ စမ်းသပ်မှု ဖြစ်လာမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ကျနော့် ကစားသမား တွေကို ယုံကြည်တယ်။ ကျနော်တို့ရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည် တွေကို အသူံးချနိုင်ရင် ကျနော်တို့ အောင်မြင်နိုင်ပါတယ်။ ” လို့ လမ်းပတ်က ပွဲကြိုစကား ဆိုထားပါတယ်။

ချယ်ဆီးလူငယ်ကစားသမား ရီစီ ဂျိမ်းစ်က လမ်းပတ်ရဲ့ ချယ်ဆီး စီနီယာအသင်းမှာ ၀င်ရောက် ကစားခွင့်ရဖို့ အသည်းအသန် အလိုရှိနေပါတယ်။ ဂျိမ်းစ်က ၄င်း အားပေးတဲ့ အသင်းအတွက် ကစားခွင့် ရဖို့က သူ့ရဲ့ အမြဲတမ်း အိပ်မက်ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းတိုက်စစ်သမား ပတ်ဒရိုက လက်ရှိ ကမ္ဘာအကောင်းဆုံး ခံစစ်မှူးနှစ်ဦးထဲမှာ ဗန်ဒိုက်က တစ်ဦး အပါအဝင်ဖြစ်ပြီး သူ့ကို ယှဉ်ပြိုင်နိုင်တဲ့ နောက်ထပ် ခံစစ်မှူးဆိုလို စပိန်အသင်းခေါင်းဆောင် ရာမိုစ့်ပဲ ရှိပါတယ်လို့ ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။

ယူနိုက်တက်နဲ့ ပွဲမှာ မေဆန်မောင့်ကို ပွဲထွက် ကစားစေခြင်း အတွက် မော်ရင်ညို အပါအ၀င် ဝေဖန်သူများ ရှိနေသော်လည်း လမ်းပတ်ကတော့ မောင့်ရဲ့ ခြေစွမ်းနဲ့ အားထုတ်မှုကို သဘောကျနှစ်ခြိုက်ကာ ကျေနပ်သူတွေလည်း ရှိနေကြောင်း ကာကွယ် ပြောဆိုလိုက်ပါတယ်။