သရဲနီဟောင်းကြီး ပါလစ္စတာက ယူနိုက်တက်ရဲ့ အနာဂတ် အသင်းခေါင်းဆောင်ဟာ အခြားသူမဟုတ်ပဲ ကလပ်အသင်းရဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခြင်း ခံထားရတဲ့ မက်ဂွဲရား ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

ယူနိုက်တက်နဲ့ ပွဲဦးထွက်ဖြစ်တဲ့ ချဲလ်ဆီးအသင်းနဲ့ပွဲမှာ ပြိုင်ဘက် တိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပြီး ခံစစ်ကို ဦးဆောင်ခဲ့တဲ့ မက်ဂွဲရားဟာ အသင်းနည်းပြ၊ အသင်းဖော်တွေ၊ ကစားသမားဟောင်းတွေနဲ့ ကလပ်အသင်း နည်းပြဟောင်းတွေရဲ့ ချီးကျူးခြင်းတွေကို ပိုင်ဆိုင်နေသူပါ။

မက်ဂွဲရားကို ချီးကျူးမှုမှာ နောက်ဆုံးပါဝင်လာတဲ့ ပါလစ္စတာကတော့ ကလပ်အသင်းမှာ ၉ နှစ်ကြာ ကစားခဲ့ပြီး ဆုဖလားများစွာ အနိုင်ရဖူးတဲ့ ခံစစ်သမားဟောင်းကြီး ဖြစ်တယ်။ သူဟာ ပရီးမီးယားလိဂ်ဖလား လေးကြိမ် အနိုင်ရခဲ့သလို ဂန္တဝင် အသင်းခေါင်းဆောင်ကြီးတွေနဲ့ တွဲဘက်ကစားခဲ့ဖူးသူဖြစ်ပါတယ်။

ပါလစ္စတာက “ မက်ဂွဲရားက အနာခံရမယ့်နေရာတွေမှာတောင် သူ့ခေါင်းကို ထိုးခံရဲတဲ့ ကြောက်ရွဲ့မှုမရှိတဲ့ ကစားသမားမျိုးပါ။ ပြိုင်ဘက်တွေထံက ဘောလုံးယှဉ်လုနိုင်တယ်။ လူကောင်း ကြီးမားပြီး အသင်းကို ဦးဆောင်ပြနေတဲ့ အရည်အသွေးတွေက အသင်းခေါင်းဆောင်တစ်ယောက်အဖြစ် စံနမူနာပေးလို့ ရပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

“ မက်ဂွဲရားက အမြဲတမ်း စူးရှစွာ အော်ဟစ် အမိန့်ပေးနေတတ်တဲ့ အသင်းခေါင်းဆောင်တစ်ဦး ဖြစ်လာမလားတော့ ကျနော် မသိပါဘူး။ ဒါပေမယ့် အသင်းခေါင်းဆောင်ဆိုတာ အမျိုးမျိုး ရှိတယ်။ တယ်ရီ၊ တိုနီအဒမ်တို့က အသင်းဖော်တွေကို အမြဲတမ်း အော်ဟစ် ဦးဆောင်နေကြပေမယ့် အဲရစ်ကန်တိုနာကတော့ ဒီလိုမအော်ကြပါဘူး။ ဒါပေမယ့် သူက ကွင်းတွင်းမှာ အသင်းကို အကောင်းဆုံးဦးဆောင်နိုင်ပါတယ်။

မက်ဂွဲရား အသင်းခေါင်းဆောင်ဖြစ်လာရင် ဘယ်လိုအသင်းခေါင်းဆောင် အမျိုးအစားဖြစ်လာမလဲ မသိပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဦးဆောင်မှုနဲ့ အမိန့်ပေးနိုင်တဲ့ အနေအထားကို ကြည့်လိုက်ရင် အနာဂတ်မှာ သူက ယူနိုက်တက်အသင်းခေါင်းဆောင် သေချာပေါက် ဖြစ်လာမယ်လို့ ကျွန်တော်ပြောရဲပါတယ်။” လို့လည်း ပြောကြားသွားခဲ့တာပါ။

သရဲနီ ဂန္တဝင်ဟောင်း ဖာဒီနန်ရဲ့ ကျောနံပါတ် ၅ ဆက်ခံသူ မက်ဂွဲရားဟာ အတိတ်က ကလပ်စံချိန်တင် ခံစစ်မှူးကြီးလိုပဲ ယူနိုက်တက်ကို ရွှေရောင်လွှမ်းတဲ့ အောင်မြင်မှုထံ တစ်ဖန် ပြန်ခေါ်ဆောင်သွားမလားဆိုတာက အတော်လေး စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။