အခုတလော သားငါး၊ ပုစွန်၊ အသီးအရွက်တွေကို ဖော်မလင် စိမ်ထားတာမျိုးတွေ အရမ်းသတင်းထွက်နေတာပါ။ ဒါဆို ဖော်မလင် သုံးထားတဲ့ သား ငါး ပုဇွန် ၀ယ်လာမိရင် မချက်ပြုတ်မီ ဘာတွေလုပ်သင့်သလဲ ဖော်ပြပေးလိုပါတယ်။

ဖော်မလင်ကို ဘယ်လိုရှောင်ကြမလဲ။ အသား၊ ငါး၊ ပုစွန်တွေကို အိမ်ရှင်မတွေအမြင်မှာ လတ်လတ်ဆတ်ဆတ်ဖြစ်အောင် ဖော်မလင်တွေ ထည့်တယ်။ အသီးအနှံတွေမှာလည်း ဖော်မလင်တွေ သုံးလာကြတယ်။

အစားအသောက်တွေကို စစ်ဆေးမှုအားနည်းတဲ့နိုင်ငံတွေမှာ မသမာတဲ့လူတွေက ဖော်မလင်ကို သုံးကြတယ်။ ဖော်မလင် သုံးထားသလား မသုံးထားသလားဆိုတာ စစ်ဆေးတဲ့ နည်းပညာတွေရှိပါတယ်။ ဒါပေမဲ့ သာမန်ပြည်သူတွေကတော့ သုံးထား မထားဆိုတာ စစ်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။

အကြမ်းဖျင်းအားဖြင့် ဖော်မလင်သုံးထားမထား စစ်လို့ရတာကတော့ ဆေးသုံးထားရင် ငါးက မာတောင့်နေတယ်။ သိပ်မပျော့ပြောင်းဘူး။ သိသာတာက ငါးညှိနံ မရှိတော့ဘူး။ ပိုပြီး သတိထားနိုင်တာက ယင်ကောင်တွေ မအုံတော့ဘူး။ ပုရွက်ဆိတ်လည်း မတက်တော့ဘူး။ အဲဒီငါးကို တတ်နိုင်ရင် မဝယ်ပါနဲ့တော့။

ဈေးက ဝယ်လာတဲ့ အသား ငါး အသီးတွေကိုလည်း ရေကျက်အေးထဲမှာ ဆားနည်းနည်းလေးဖျော်ပြီး တစ်နာရီလောက် စိမ်ပါ။ အဲဒီလို စိမ်လိုက်ရင် ဖော်မလင် ၆၀ ရာခိုင်နှုန်းလောက် ထွက်သွားပါလိမ့်မယ်။

သူ့ထက်ပိုကောင်းတဲ့နည်းကတော့ ရေသန့်တစ်ဘူးထဲကို ရှလကာရည် တစ်ခွက်ရောထည့်ထားတဲ့ရေကို အသား ငါး အသီးတွေကို ၁၀ မိနစ် ၁၅ မိနစ်လောက်စိမ်ပါ။ အသား ငါး အသီးတွေထဲက ရှိတဲ့ ဖော်မလင် အတော်များများကုန်သွားပါလိမ့်မယ်။

ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်နဲ့လည်း ဆေးလို့ရပါတယ်။ မီးဖိုချောင်သုံး အိုးဇုန်းထုတ်စက်ရှိရင်လည်း ဖော်မလင်တွေကို ဖယ်ထုတ်နိုင်ပါတယ်။

ဆားရည်စိမ်တာ ရှာလကာရည်စိမ်တာတွေကတော့ အများပြည်သူ လက်လှမ်းမီတဲ့နည်းလမ်းတွေ ဖြစ်လို့ မချက်ပြုတ်ခင် တတ်နိုင်သလောက် ပြုလုပ်သင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်။