လီဗာပူးဟာ ဘယ်ဂျီယံကလပ် ဂျန့်အသင်းမှာ ကစားနေတဲ့ နော်ဝေသားလေး Sander Berge ကို ခေါ်ယူူဖို့ စိတ်ဝင်စားနေပြီး ကစားသမားကို စောင့်ကြည့်မှုတွေ လုပ်နေပါကြောင်း ချန်ပီယံလိဂ် အုပ်စုတွင်းပြိုင်ဘက် ဂျန့်အသင်းရဲ့ အားကစားဒါရိုက်တာ Dimitri De Conde က ထုတ်ပြောလာပါတယ်။

အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ Berge လည်း ပါဝင်ခဲ့ပြီး ယာဂင်ကလော့ပ်က ကစားသမားကို ပုဂ္ဂိုလ်ရေးအရ သဘောကျခဲ့တာဖြစ်သလို နာပိုလီကလည်း လူငယ်လေးကို သဘောတွေ့တယ်လို့ သိရတယ်။ လီဗာပူးဘက်က ကစားသမားကို စောင့်ကြည့်မှုတွေကိုလည်း လုပ်ခဲ့တယ်လို့ ဂျန့်အားကစားဒါရိုက်တာက ပြောပါတယ်။

” နာပိုလီက ကစားသမားလေးကို စိတ်ဝင်စားသလို လီဗာပူးကလည်း သူ့ကို ဂရုတစ်စိုက်နဲ့ စောင့်ကြည့်နေပါတယ်။ အန်ဖီးပွဲအပြီးမှာ ယာဂင်ကလော့ပ်က ကောင်လေးကို တွေ့ဆုံ စကားပြောခဲ့ပြီး ခြေစွမ်းအတွက် ဂုဏ်ပြုစကားလည်း ပြောခဲ့ပါတယ်။ အီတလီကလပ်ကလည်း သူ့ကို စောင့်ကြည့်ခြေရာခံခဲ့ပေမယ့် တရားဝင် ဆွေးနွေးမှုတွေ မရှိသေးပါဘူး။ လာမယ့်အပတ်တွေမှာ ဘာဖြစ်လာမယ်ဆိုတာ စောင့်ကြည့်ရုံပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

အသက် ၂၁ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဒီရာသီမှာ ဂျန့်အတွက် ၁၅ ပွဲ ကစားပေးထားသူဖြစ်တယ်။ ဂျန့်ဘက်ကတော့ ကစားသမားလေးကို အသင်းမှာ ဆက်ရှိစေလိုပေမယ့် ပြောင်းရွှေ့ကြေး ရမယ်ဆိုရင်တော့ ရောင်းထုတ်လိုတဲ့ သဘောထားကို ပြသထားပါတယ်။ ဂျန့်ဟာ ဒီရာသီ ဘယ်ဂျီယံလိဂ်မှာ ရုန်းကန်နေရတဲ့ အသင်းလည်းဖြစ်တယ်။

ကလပ်အသင်းကြီးတွေဖြစ်တဲ့ လီဗာပူး၊ နာပိုလီတို့က ချန်ပီယံလိဂ်ပွဲတွေမှာ ကစားသမားလေး ပြသတဲ့ ခြေစွမ်းကို သဘောတွေ့နေကြတာဖြစ်ပြီး ဘယ်အသင်းကမှတော့ ကမ်းလှမ်းမှုလုပ်ဖို့ စတင်နေခြင်း မရှိပါဘူး။ ဂျန့်အားကစားဒါရိုက်တာက ဆွေးနွေးမှုအတွက် တံခါးတွေ ဖွင့်ထားပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ZAWGYI

လီဗာပူးဟာ ဘယ္ဂ်ီယံကလပ္ ဂ်န္႔အသင္းမွာ ကစားေနတဲ့ ေနာ္ေဝသားေလး Sander Berge ကို ေခၚယူူဖို႔ စိတ္ဝင္စားေနျပီး ကစားသမားကို ေစာင့္ၾကည့္မႈေတြ လုပ္ေနပါေၾကာင္း ခ်န္ပီယံလိဂ္ အုပ္စုတြင္းျပိဳင္ဘက္ ဂ်န္႔အသင္းရဲ႕ အားကစားဒါရိုက္တာ Dimitri De Conde က ထုတ္ေျပာလာပါတယ္။

အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားတဲ့ပြဲမွာ Berge လည္း ပါဝင္ခဲ့ျပီး ယာဂင္ကေလာ့ပ္က ကစားသမားကို ပုဂၢိဳလ္ေရးအရ သေဘာက်ခဲ့တာျဖစ္သလို နာပိုလီကလည္း လူငယ္ေလးကို သေဘာေတြ႔တယ္လို႔ သိရတယ္။ လီဗာပူးဘက္က ကစားသမားကို ေစာင့္ၾကည့္မႈေတြကိုလည္း လုပ္ခဲ့တယ္လို႔ ဂ်န္႔အားကစားဒါရိုက္တာက ေျပာပါတယ္။

” နာပိုလီက ကစားသမားေလးကို စိတ္ဝင္စားသလို လီဗာပူးကလည္း သူ႔ကို ဂရုတစ္စိုက္နဲ႔ ေစာင့္ၾကည့္ေနပါတယ္။ အန္ဖီးပြဲအျပီးမွာ ယာဂင္ကေလာ့ပ္က ေကာင္ေလးကို ေတြ႔ဆံု စကားေျပာခဲ့ျပီး ေျခစြမ္းအတြက္ ဂုဏ္ျပဳစကားလည္း ေျပာခဲ့ပါတယ္။ အီတလီကလပ္ကလည္း သူ႔ကို ေစာင့္ၾကည့္ေျခရာခံခဲ့ေပမယ့္ တရားဝင္ ေဆြးေႏြးမႈေတြ မရွိေသးပါဘူး။ လာမယ့္အပတ္ေတြမွာ ဘာျဖစ္လာမယ္ဆိုတာ ေစာင့္ၾကည့္ရံုပါပဲ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အသက္ ၂၁ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားဟာ ဒီရာသီမွာ ဂ်န္႔အတြက္ ၁၅ ပြဲ ကစားေပးထားသူျဖစ္တယ္။ ဂ်န္႔ဘက္ကေတာ့ ကစားသမားေလးကို အသင္းမွာ ဆက္ရွိေစလိုေပမယ့္ ေျပာင္းေရႊ႔ေၾကး ရမယ္ဆိုရင္ေတာ့ ေရာင္းထုတ္လိုတဲ့ သေဘာထားကို ျပသထားပါတယ္။ ဂ်န္႔ဟာ ဒီရာသီ ဘယ္ဂ်ီယံလိဂ္မွာ ရုန္းကန္ေနရတဲ့ အသင္းလည္းျဖစ္တယ္။

ကလပ္အသင္းၾကီးေတြျဖစ္တဲ့ လီဗာပူး၊ နာပိုလီတို႔က ခ်န္ပီယံလိဂ္ပြဲေတြမွာ ကစားသမားေလး ျပသတဲ့ ေျခစြမ္းကို သေဘာေတြ႔ေနၾကတာျဖစ္ျပီး ဘယ္အသင္းကမွေတာ့ ကမ္းလွမ္းမႈလုပ္ဖို႔ စတင္ေနျခင္း မရွိပါဘူး။ ဂ်န္႔အားကစားဒါရိုက္တာက ေဆြးေႏြးမႈအတြက္ တံခါးေတြ ဖြင့္ထားပါတယ္လို႔ ေျပာဆိုခဲ့ပါတယ္။