ယူနိုက်တက်ဟာ နောက်ဆုံး ၃ ပွဲ ဆက် ရှုံးထားတာကြောင့် ဒီပွဲစဉ်က နှစ်သင်းလုံး အတွက် ခက်ခဲမယ့် ပွဲ ဖြစ်မယ်လို့ ချယ်ဆီးနည်းပြ ဆာရီက မှတ်ချက် ပြုလိုက်ပါတယ်။ အသင်းကြီးတွေနဲ့ အဝေးကွင်းမှာ ဆုံရင် အမှတ်ရဖို့ ခက်ခဲပြီး ယူနိုက်တက်ရဲ့ ရှုံးပွဲတွေက တုန့်ပြန်လာမယ့် ပေါက်ကွဲအားကိုလည်း ရင်ဆိုင်ရဖို့ ရှိတယ်လို့ ဆာရီက ဆိုပါတယ်။

ယူနိုက်တက် ခံစစ်မှူး လင်ဒီလော့ဖ်က ချယ်ဆီးတိုက်စစ်သမား ဟာဇက်ကို ထိန်းချုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဟာဇက်ဟာ နေရာလွတ်တွေ ပေးမရတဲ့ ကစားသမား ဖြစ်ပြီး အနီးကပ် ထိန်းချုပ်သွားမယ်လို့ ၄င်းက ဆိုပါတယ်။

ချယ်ဆီးအသင်းဟာ ဘောလုံးရာသီ ဒုတိယပိုင်းမှာ အဝေးကွင်း စွမ်းဆောင်ရည်နဲ့ ရလဒ်များ ဆက်တိုက် ကျဆင်းခဲ့ခြင်းအပေါ် ဆာရီက ထောက်ပြခဲ့ပြီး တိုးတက်အောင် လုပ်ဖို့ လိုအပ်နေကြောင်း ယူနိုက်တက်နဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ၀န်ခံပြောကြားခဲ့ပါတယ်။

ဟာဇက်နဲ့ ကလပ်အသင်း တစ်သင်းတည်း ကစားချင်တယ် ပြောကြားထားတဲ့ နေမာကို ရီးရဲလ်နည်းပြ ဇီဒန်းက ဟာဇက်နဲ့ အတူ ကစားချင်ရင် ရီးရဲလ်မှာ တချိန်ကျ ဖြစ်လာနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးအမျိုးသမီးအသင်းရဲ့ ပြင်သစ်ချန်ပီယံ လိုင်ယွန်နဲ့ ရင်ဆိုင်မယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ လက်မှတ်များအားလုံး ရောင်းကုန်သွားပြီလို့ အသင်းကနေ ကြေငြာလိုက်ပါတယ်။ ချယ်ဆီးအသင်းဟာ ပထမအကျော့ အဝေးကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်ထားသော်လည်း အဖိုးတန် အဝေးဂိုး ၁ ဂိုး ရထားတာကြောင့် အခွင့်အရေးရှိနေပါတယ်။

ဝေဖန်မှုတွေ ရှိနေပေမယ့် ချယ်ဆီးအသင်းဟာ ဒီရာသီ ပထမခြေလှမ်း အနေနဲ့ အခြေအနေကောင်းများ ပိုင်ဆိုင်ထားတယ်လို့ ဆာရီက တုန့်ပြန် ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် နောက်ရာသီမှာလည်း ချယ်ဆီးအသင်းမှာ ဆက်ရှိချင်တယ်လို့ ဆာရီက ၄င်း ဆန္ဒဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ ဖလား ဗိုလ်လုပွဲ တစ်ပွဲ ကစားခဲ့တယ်။ ပင်နယ်တီကြောင့် ရှုံးခဲ့တယ်။ အခု ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်ကို ရောက်ထားတယ်။ ထိပ်ဆုံး လေးသင်းအတွက် တိုက်ပွဲဝင်နေဆဲဖြစ်တယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ဒီရာသီက အခြေအနေ ကောင်းပါတယ်။ ” လို့ ဆာရီက ဆိုခဲ့တာပါ။

ရာသီကုန်ရင် အာဆင်နယ်အသင်းကနေ ထွက်ခွာပြီး ဘောလုံးကစားခြင်းမှ အနားယူတော့မယ့် ဂိုးသမားကြီး ပီတာချက်ကို ချယ်ဆီးအသင်းက စတန်းဖို့ဘရစ်ခ်ျထံ ပြန်လာပူးပေါင်းစေဖို့ ရာထူးတစ်ခု ကမ်းလှမ်းသွားရန် စီစဉ်နေပါတယ်။

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ပင်ခံရရင်တောင် လက်ရှိ ရီးရဲလ်မှ အငှားလာရောက်ကစားနေတဲ့ ကွင်းလယ်ကစားသမား ကိုဗာဆစ်ကို အငှားသက်တမ်းတိုးထားပြီး စာချုပ်ကုန်ဆုံးမှ အပြီးသတ် ခေါ်ယူခွင့်နဲ့ ဆက်ခေါ်ထားနိုင်ဖို့ ရှိပါတယ်။