ပရီးမီးယားလိဂ် အကျော်အမော် တိုက်စစ်မှူးဟောင်း အလန်ရှီယားက ရာသီကုန် ချန်ပီယံလိဂ်ဝင်ခွင့် အနိုင်ရမယ့် ကလပ်အသင်းတွေကို ခန့်မှန်းရွေးထုတ်မှု ပြုလုပ်သွားပါတယ်။

ရာသီကုန် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မန်စီးတီးနဲ့ လီဗာပူးတို့ သေချာသလောက် အနေအထားကို ပိုင်ဆိုင်နေပြီး လက်ကျန် နှစ်နေရာကို စပါး၊ ချယ်ဆီး၊ အာဆင်နယ်နဲ့ မန်ယူတို့က အဓိက ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အလန်ရှီးယားက ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန် နှစ်နေရာမှာ စပါးနဲ့ ချယ်ဆီးတို့ အနိုင်ရသွားမယ်လို့ ယုံကြည်နေပါတယ်။ မန်ချက်စတာဒါဘီ ပွဲစဉ်မှာ မန်ယူးက မန်စီးတီးအသင်းကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ အခြားတစ်ဖက်မှာ အာဆင်နယ်က ၀ုဗ်အသင်းကို ၃-၁ ဂိုးနဲ့ ထပ်မံ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ချယ်ဆီးက အာဆင်နယ်၊ ယူနိုက်တက်တို့ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ၀င်ခွင့် ရသွားမယ်လို့ အလန်ရှီးယားက ဟောကိန်းထုတ်ပါတယ်။

ရှီးယားက ပြောရာမှာ “ ဖြစ်နိုင်ချေ ရှိတာကတော့ ချဲလ်ဆီးအသင်းလို့ ထင်ပါတယ်။ သူတို့က တနင်္ဂနွေနေ့ပွဲမှာ ယူနိုက်တက်ကို အနိုင်ရရှိခဲ့မယ် ဆိုရင် ထိပ်ဆုံးလေးသင်း နေရာကို စပါးနဲ့အတူ ရယူ သွားနိုင်ပါတယ်။ လက်ရှိ အချိန်မှာတော့ ယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့က အမှားတွေ များနေပါတယ်။ ပြီးတော့ ခြေစွမ်းတွေကော ရလဒ်တွေပါ ဆက်တိုက် ကျဆင်းနေပါတယ်။

တကယ်လို့သာ သူတို့လည်း လက်ကျန် ၃ ပွဲကို အကောင်းဆုံး ကစားနိုင်မယ်ဆိုရင် ထိပ်ဆုံးလေးသင်း နေရာကို ရယူ နိုင်ပါသေးတယ်။ ဒါပေမယ့် လက်ရှိမှာ ကျွန်တော် မြင်တာ ကတော့ စပါးအသင်းနဲ့ ချဲလ်ဆီး အသင်းတို့သာ အခြေအနေ အကောင်းဆုံးလို့ မြင်ပါတယ် ” လို့ ပြောခဲ့ပါတယ်။

ရာသီသိမ်းဖို့ လက်ကျန် ၃ ပွဲ အလိုမှာတော့ စပါးအသင်းက တစ်ပွဲပိုကစား ရမှတ် ၇၀ နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ချဲလ်ဆီး အသင်းကတော့ ရမှတ် ၆၇ မှတ်ရဲ့အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။