အက်စတွန်ဗီလာကို အိမ်ကွင်းမှာ သရေကျတဲ့ ပွဲပြီးနောက် ယူနိုက်တက်ဟာ ၃၁ နှစ် အတွင်း အဆိုးဝါးဆုံး ဘောလုံးရာသီ အစ ပိုင်ဆိုင်ထားသော်လည်း နည်းပြ ဆိုးရှားကတော့ အမှတ်ပေးဇယားက လက်ရှိ အဆင့် နေရာက သူ့အတွက် အကြီးမားဆုံး စိတ်ပူစရာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၁၄ ပွဲ ကစားပြီးချိန်မှာ ၁၈ မှတ်သာ ရထားပြီး ၁၉၈၈-၉၀ နောက်ပိုင်း အနိမ့်ဆုံး ရမှတ် ဖြစ်နေကာ အဆင့် ၉ နေရာမှာ ရှိနေပါတယ်။ ဆိုးရှားကတော့ လူငယ်တွေနဲ့ သူ့အသင်းဟာ နိုင်ပွဲတွေ ရဖို့ နီးစပ်နေပြီလို့ အကောင်း မြင်နေပါတယ်။

” တကယ်လို့ တစ်ဂိုးသာ အပိုရခဲ့ရင် ကျနော် အဆင့် ၅ နေရာမှာ ရှိမှာလို့ ထိုင် ပြောမနေချင်ပါဘူး။ အသင်းတွေချင်း အမှတ်ကွာခြားချက်က ကပ်နေတာ ဖြစ်လို့ ရပ်တည်ချက် အဆင့်တွေက ကျနော့် အတွက် အကြီးဆုံး စိတ်ပူစရာ မဖြစ်ဘူး။ ကျနော်တို့ အနေနဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသဖို့၊ တစ်ပွဲပြီး တစ်ပွဲ ပို သေချာ ကစားသွားဖို့ပဲ လိုအပ်တာပါ။ ”

” အသင်းမှာ ဒီကောင်လေးတွေက အစွမ်းအစ ရှိသူတွေ ဆိုတာ မြင်တွေ့နေကြတယ်။ နိုင်ပွဲရဖို့ အလွန် နီးစပ်ခဲ့လျက် ရှုံးသွားတဲ့ပွဲတွေ ရှိခဲ့တယ်။ ကျနော်တို့ အနေနဲ့ အမှတ်ကွာတာ နည်းနည်းလေး ဖြစ်နေတာကို အားသာချက်ယူပြီး ပို ဖိဖိစီးစီး ကစားသွားရမယ်။ ” လို့ ဆိုးရှားက ဆိုပါတယ်။

တနင်္ဂနွေနေ့ည ပွဲစဉ်မှာ ဗီလာကို သရေကျလိုက်တာကြောင့် ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၉ နေရာ ရောက်ရှိသွားပြီး အဆင့် ၄ နေရာနဲ့ ၈ မှတ်ကွာသွားပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပွဲကြပ်တွေ အဖြစ် ကြာသပတေးနေ့ မနက်အစောမှာ နည်းပြဟောင်း မော်ရင်ညို ကိုင်တွယ်နေတဲ့ စပါးကို ဧည့်ခံ ကစားရမှာ ဖြစ်ပြီး စနေနေ့မှာတော့ မန်စီးတီးထံ အဝေးကွင်း သွားရောက် ရင်ဆိုင်ရတော့မှာပါ။

Zawgyi