ယာဂင်ကလော့ပ်ရဲ့ လက်ရာတွေ ပြည့်နှက်နေမယ့် လီဗာပူးရဲ့ Next Big Thing ကြီးဟာ မကြာခင်မှာ ပြီးမြောက်တော့မှာဖြစ်ကြောင်း The Athletic သတင်းထောက် James Pearce က သတင်းတစ်ပုဒ် ဖော်ပြခဲ့ပြန်ပြီ ဖြစ်ပြီး အဆိုပါ ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

ဒီတစ်ကြိမ် ကလပ်အသင်းရဲ့ ပုံရိပ်ကို မြင့်တင်ပေးမှာကတော့ ပေါင် ၅၀ သန်း အကုန်အကျခံ တည်ဆောက်ထားတဲ့ လေ့ကျင့်ရေးစင်တာ အသစ်ပဲ ဖြစ်ပါတယ်။ မော်ဒန် လေ့ကျင့်ရေးစင်တာတွေမှာ ပါဝင်လေ့ရှိတဲ့ အင်္ဂါရပ်တွေ အားလုံးကို ထည့်သွင်းထားသလို သမိုင်းကြောင်း မြင့်မားတဲ့ လီဗာပူးရဲ့ ယဉ်ကျေးမှုတွေကိုပါ ထည့်သွင်းထားတဲ့ လေ့ကျင့်ရေးစင်တာကြီးက ခမ်းနားတယ်ဆိုတာထက် ပိုလို့ နေပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲအပြီး လီဗာပူးအသင်းသားတွေဟာ ရာသီသစ်အတွက် လေ့ကျင့်ရေး ပြန်ဆင်ဖို့ စတင်တဲ့အခါ လီဗာပူးမြို့တော် စင်တာနဲ့ ၈ မိုင် အကွာမှာရှိတဲ့ ကီရာဘီ လေ့ကျင့်ရေးစင်တာကြီးမှာ စုဝေးကြမှာပါ။ အလားအလာတွေအရတော့ နှစ်ပေါင်း ၃၀ တိုင် ဝေးကွားနေတဲ့ အမှတ်ပေးဖလားကို အနိုင်ရ ချန်ပီယံအသင်းသားတွေအဖြစ် ပြန်စုဝေးမှု ဖြစ်လာဖို့ ရှိနေပါတယ်။

လီဗာပူးပိုင်ရှင်အဖွဲ့ရဲ့ တရားဝင်ခွင့်ပြုမှု လန်ဒန်အခြေစိုက် ဆောက်လုပ်ရေးအဖွဲ့အဖြစ်တဲ့ KSS နဲ့ မန်နေဂျာယာဂင်ကလော့ပ်တို့ရဲ့ ဆွေးနွေးမှုတွေကနေ အကယ်ဒမီအသင်းတွေနဲ့ ပထမအသင်းတွေအပြင် သက်တမ်းအလိုက် အသင်းတွေကို တစုတဝေးတည်း ထားမယ့် ကရာဘီလေ့ကျင့်ရေးစင်တာကြီး ပေါ်ထွက်လာတော့မှာဖြစ်တယ်။

ယာဂင်ကလော့ပ်က သူကိုယ်တိုင်ကစလို နောက်ပိုင်း လီဗာပူးမန်နေဂျာတွေထိတိုင်အောင် အကျိုးများစေမယ့် ဒီစင်တာကြီးကို တည်ဆောက်လိုခဲ့တာပါ။ ကလပ်အသင်းဘက်ကပဲ အကယ်ဒမီကျောင်းရှိရာ ကရာဘီအနားက ဧရိယာအတွင်းမှာ တည်ဆောက်ဖို့ စီစဉ်ပေးခဲ့ကာ မဲဝုဒ်ကိုတော့ စွန့်ခွာမှာဖြစ်ပါတယ်။ (နောက်ခါများမှာ ကျနေ်ာတို့တွေဟာ မဲဝုဒ် လေ့ကျင့်ရေးဆိုတဲ့ နာမည်အစား ကရာဘီ လေ့ကျင့်ရေးစင်တာဆိုတဲ့ စကားလုံးကို ပြောင်းလဲ သုံးစွဲရတော့မှာဖြစ်ကာ ဒါက နှမျောသသဖြစ်စရာ အတိတ်တစ်ခု ဖြစ်သွားတော့မှာပါ)

ကလော့ပ်ရဲ့ အနာဂတ်အတွက် ရည်ရွယ်တဲ့ အမြင်ကို လီဗာပူးပိုင်ရှင်တွေဖြစ်တဲ့ FSG အဖွဲ့က ထောက်ပံ့ပေးခဲ့ပြီး ဒီပလန်ကို ကြီးမားတဲ့ အနာဂတ် အစီအစဉ်လို နာမည်တပ်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးဥက္ကဌ တွမ်ဝါနာက The Athletic ကို ပြောရာမှာ “ ငါတို့ရဲ့ ရေရှည် ချဉ်းကပ်မှုတွေကတော့ လီဗာပူးအသင်းကို ကွင်းပြင်ပမှာလည်း အရေးကြီးတဲ့ နေရာတွေမှာ ရင်းနှီးမြုပ်နှံပြီး အသင်းကို တိုးတက်လာစေဖို့ပါ။ လူငယ်ကစားသမားတွေကို စီနီယာအသင်းထံ ရောက်ရှိစေဖို့ရာ ကမ္ဘာထိပ်တန်း လေ့ကျင့်ရေးပစ္စည်းတွေရှိတဲ့ စွမ်းဆောင်ရည်မြင့် စင်တာတစ်ခု တည်ဆောက်ဖို့ဆိုတဲ့ ရည်မှန်းချက်က အမြဲတမ်း ရှိခဲ့တာပါ။

ဒါက ဒီကနေ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေအတွက် အကျိုးမဖြစ်နိုင်ပေမယ့် အနာဂတ် မျိုးဆက်သစ် လီဗာပူးကစားသမားတွေ မန်နေဂျာတွေအတွက် သေချာပေါက် အကျိုးဖြစ်စေမှာပါ။ ငါတို့ရဲ့ ဒီအမြင်ကောင်းက ရုပ်လုံးပေါ်လာတာကို မြင်ရတာ စိတ်လှုပ်ရှားရပါတယ်။ ယာဂင်နဲ့တကွ သူ့ရဲ့ ဝန်ထမ်းတွေ ကစားသမားတွေထံက ပါဝင်ကူညီမှုတွေ ရတာအတွက်လည်း အသိအမှတ်ပြုပါတယ်။ လီဗာပူးရဲ့ မယုံနိုင်အောင် ခမ်းနားတဲ့ သမိုင်းကြောင်းမှာ နောက်ထပ် မှတ်တိုင်သစ်ကို စိုက်ထူနိုင်မှာအတွက် ငါတို့ အရမ်း ဂုဏ်ယူပါတယ် ” လို့ ဆိုပါတယ်။

စင်တာကြီးမှာ လီဗာပူးရဲ့ အမှတ်အသားလို့ ဆိုရမယ့် ‘You’ll Never Walk Alone’ စကားလုံး ကလပ်ကို ကိုယ်စားပြုတဲ့ သမိုင်းဆိုင်ရာ အမှတ်အသား၊ စကားလုံးတွေ ပါဝင်နေပါတယ်။ အဆောက်အဦတွေထဲမှာ gym နှစ်ခု၊ ကြီးမားတဲ့ မိုးလုံလေလုံ အားကစားခန်းမ၊ ရေကူးကန်၊ အားကစားသိပ္ပံဆိုင်ရာ ခန်းမတွေ၊ ပြန်လည်ထူးထောင်ရေးဆိုင်ရာ စပယ်ရှယ်လစ် ခန်းမတွေ၊ ဆေးဘက်ဆိုင်ရာ ခန်းမတွေ ဒါတွေကို ထည့်သွင်းထားတာဖြစ်ပါတယ်။

ဒါ့အပြင် တီဗီ စတူဒီယိုတွေ၊ မီဒီယာ တွေ့ဆုံမှုလုပ်မယ့် နေရာ၊ ရုံးခန်းတွေ အစရှိသဖြင့် မော်ဒန် ကလပ်အသင်းတွေမှာ ရှိရမယ့် အရေးကြီး ဆက်စပ် ခန်းမတွေ ပါဝင်မှာဖြစ်တယ်။ အရေးကြီးဆုံးအနေနဲ့ လေ့ကျင့်ရေးကွင်းတွေ အများအပြား ထည့်သွင်းထားကာ လူငယ်အသင်းနဲ့ စီနီယာအသင်းကို မန်နေဂျာနဲ့ နည်းပြအဖွဲ့က တစ်နေရာတည်းကနေ မြင်နိုင် ကွပ်ကဲနိုင်မှာ ဖြစ်ပါတယ်။

ဒီစင်တာကြီးဟာ ရတ်ဘူးလ် ဆဲလ်ဘတ်အသင်းရဲ့ လေ့လာခွင့်ပေးမှုနဲ့အတူ ၎င်းတို့ရဲ့ လေ့ကျင့်ရေး စင်တာကို တုပဆန်းသစ်ပြီး တည်ဆောက်ထားတာပါ။ ပထမအသင်း လေ့ကျင့်ရမယ့် gym ကိုတော့ သဘာဝ အလင်းရောင်တွေကို အသားပေးတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားတာဖြစ်တယ်။

Old School ပုံစံတွေရှိတဲ့ လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးဆိုင်ရာ အနေအထားကနေ မော်ဒန်ခေတ်ပုံစံကို ၁၀၀% ပြောင်းလဲစေမှာ ဖြစ်ပါတယ်။ လီဗာပူးပရိသတ်တွေအတွက် ဒုတိယအိမ်ဖြစ်ပြီး ကစားသမားတွေအတွက် အရေးကြီးဆုံးသော နေရာဖြစ်တဲ့ လေ့ကျင့်ရေး စင်တာဟာ အသင်းသားတိုင်းကို စွဲမက်စေမယ့် နေရာတစ်ခု ဖြစ်လာပါလိမ့်မယ်။

မဲဝုဒ်နဲ့ ကီရာဘီ လေ့ကျင့်ရေးစင်တာ နှစ်ခုကြားမှာ ၆ မိုင်ထိ ကွာဝေးပြီး မန်နေဂျာတစ်ဦးက နေရာနှစ်ခုကို ခွဲပြီး လေ့လာရတာက မလွယ်ကူလှပါဘူး။ ဒါကြောင့်လည်း လူငယ်တွေကို စီနီယာအသင်းထံ ပို့ပေးမယ့် လူငယ်ဆိုင်ရာ စောင့်ကြည့်ရေးနဲ့ ပထမအသင်းဆိုင်ရာ စွမ်းဆောင်ရည်နည်းပြဆိုတဲ့ ရာထူးက ပေါ်ထွက်လာခဲ့ပြီး လက်ရှိ ယာဂင်ကလော့ပ်ရဲ့ လက်ထောက်ဖြစ်သူ လင်ဒါးဟာ အဆိုပါ ရာထူးကနေပဲ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ပေါ်တူဂီနည်းပြ ဗစ်တာ မာတိုစ့်က တာဝန်လွဲယူထားပါတယ်။

ကလော့ပ်က “ မဲဝုဒ်က သမိုင်းကြောင်းတွေနဲ့ အရမ်းကောင်းတဲ့ နေရာပါ။ ကျနော် မြတ်နိုးရပါတယ်။ ပြဿနာက ကျနေ်ာတို့က နှစ်ခုကွဲနေတာပါပဲ။ မဲဝုဒ်နဲ့ ကရာဘီက အရမ်းမဝေးပေမယ့် အတော်ကို လှမ်းပါတယ်။ မဲဝုဒ်ကို နှစ်သက်ပေမယ့် ဘောလုံးက ပြောင်းလဲသွားပါပြီ။ တစ်ခါတစ်လေမှာ ဒါကို ပြုပြင်ဖို့ လိုပါတယ်။ ပိုင်ရှင်တွေကလည်း ကြီးမားတဲ့ ခြေလှမ်းသစ်တွေ လှမ်းနိုင်ဖို့ အခွင့်အရေး ပေးခဲ့တယ်။ အရင် ၂၅ နှစ်က မဲဝုဒ်ကို ပြင်ဆင်ခဲ့တယ်။ ဒီ ၂၅ နှစ်အတွင်းမှာ ဘောလုံးလောကက အများကြီး ပြောင်းလဲသွားပါပြီ။

အကယ်ဒမီအသင်းနဲ့ ပထမအသင်းတွေကို တစ်နေရာတည်းမှာ အတူရှိနေဖို့ဆိုတာက အမြင်တစ်ခုပါ။ ဒါပေမယ့် မဲဝုဒ်မှာ တိုးတက်မလာနိုင်တဲ့ အရာအများအပြား ရှိနေပါတယ်။ ဒီစင်တာသစ်ကြီးက လီဗာပူးရဲ့ အနာဂတ်အတွက် ကောင်းတာတွေပဲ ယူဆောင်ပေးပါလိမ့်မယ်။ ဒါကို ကျနော် အပြည့်အဝ ယုံကြည်ပါတယ် ” လို့ ဆိုပါတယ်။

ကီရာဘီမှာတော့ ယာဂင်ကလော့ပ်ဟာ အကယ်ဒမီနည်းပြဖြစ်သူ Inglethorpe နဲ့ နီးနီးစပ်စပ် ဖြစ်သွားတော့မှာပါ။ လူငယ်ကစားသမားပေါင်း ၁၇၀ လောက်ကို ပျိုးထောင်ပေးနေတဲ့ အကယ်ဒမီနည်းပြဟာ ပထမအသင်းမန်နေဂျာနဲ့ လက်တွဲ လုပ်ရတော့မှာဖြစ်တယ်။ သူ့ရဲ့ ကောင်လေးတွေက ကမ္ဘာထိပ်တန်း ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ မာနေး၊ ဆာလက်၊ ဖာမင်နိုတို့ရဲ့ အစွမ်းအစကို အနီးကပ် လေ့လာခွင့် ရကြမှာ ဖြစ်ပါတယ်။

၁၉၅၀ ခုနှစ်မှာတော့ လီဗာပူးဟာ မဲဝုဒ်ကို စတင်တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မြေနေရာ ကျဉ်းလွန်းတာကြောင့် မဲဝုဒ်အစား ကရာဘီအနားက မြေတွေကို တိုးချဲ့ဝယ်ယူကာ ပြောင်းလဲဖို့ စတင်ခဲ့တာဖြစ်တယ်။ မဲဝုဒ်က လေ့ကျင့်ရေး မြေပေါ်မှာတော့ အိမ်ပေါင်း ၁၆၀ တည်ဆောက်ဖို့အတွက် အိမ်ခြံမြေအဖွဲ့ကို ပေါင် ၁၀ သန်းနဲ့ ပြန်ရောင်းချခဲ့ပြီဖြစ်တယ်။ ဒေသခံပရိသတ်တွေ အတွက်ကတော့ စိတ်နှလုံး ကြေကွဲစွာပဲ စွန့်ခွာရမှုဖြစ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ အဓိက ပွဲကြည့်စင်ကို ပေါင် ၁၁၀ သန်း၊ လက်ရှိ လေ့ကျင့်ရေးစင်တာကို ပေါင် ၅၀ သန်းတို့ အကုန်အကျခံအပြီးမှာ လာမယ့် နှစ်အတွင်း လီဗာပူးဟာ နောက်ထပ် ပွဲကြည့်စင်ဖြစ်တဲ့ Anfield Road ကို ပေါင် ၆၀ သန်း အကုန်အကျခံ တည်ဆောက်မှာဖြစ်တယ်။ အန်ဖီးကွင်းရဲ့ ပရိသတ် ဝင်နှုန်းက ၆၁၀၀၀ အထက်ကို ရောက်လာမှာဖြစ်ကာ အသင်းရဲ့ လေ့ကျင့်ရေး စင်တာက ကီရာဘီဖြစ်လာပါလိမ့်မယ်။

လီဗာပူးအသင်းဟာ စီးပွားရေးဆိုင်ရာ တာဝန်ယူထားတဲ့ ဘီလီဟိုဂန် လက်အောက်မှာ စီပွားရေးပိုင်း တိုးတက်လာဖို့ ကြိုးစားနေပါတယ်။ ဘီလီရဲ့ ကြိုးစားမှုကြောင့် ဝင်ငွေဆိုင်ရာတွေမှာ ဂဏန်းနှစ်လုံး (သန်းရာချီ) ဝင်ငွေ ရရှိလာနေပါတယ်။ ကီရာဘီ လေ့ကျင့်ရေး ပြီးဆုံးတဲ့အခါ စပွန်ဆာကုမ္ပဏီ ထပ်မံ ရှာဖွေသွားဖို့လည်း စီစဉ်နေတာဖြစ်တယ်။

အင်္ဂလန်ပြင်ပ ပရိသတ်တွေ လူသိနည်းတဲ့ အချက်ကတော့ မာဆေးဆိုဒ်ဟာ ရာသီဥတု ဆိုးဝါးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ လေပြင်းထန်ပြီး မိုးအမြဲ ရွာသွန်းလေ့ရှိတဲ့ နေရာဖြစ်တယ်။ ကလော့ပ်ကတော့ ဘောလုံးရဲ့ရန်သူ လို့တောင် ကင်ပွန်းတပ်ရအောင်ပဲ သဘာဝဘေးကို မဲဝုဒ်က ကာကွယ်နိုင်စွမ်း မရှိပါဘူး။ ယခင်မန်နေဂျာတွေလက်ထက် မပြောင်းလဲပေပမယ့် ကလော့ပ် လက်ထက်မှာတော့ ကြီးမားတဲ့ ရွက်ဖျင်တွေကို ကာပြီး လေ့ကျင့်နေကြတာဖြစ်တယ်။ ကရာဘီမှာတော့ လေဒဏ်တွေကို ခံနိုင်မယ့် အနေအထားတွေကို စီစဉ်ထားပါတယ်။

ရာသီအကုန်မှာတော့ မဲဝုဒ်ကို ဂွတ်ဘိုင်လို့ နုတ်ဆက်ကြရပါလိမ့်မယ်။ ဂန္တဝင်မန်နေဂျာကြီး ဘီရှန်ကလေရဲ့ အသွင်ပြောင်းပေးမှုဖြင့် ၁၉၆၀ ခုနှစ်မှာ မဲဝုဒ်ကို စတင်တည်ဆောက်ခဲ့ပြီး ၂၁ ရာစုမှာ အကြီးစား ပြုပြင်မှုအဖြစ် မန်နေဂျာဟောင်းကြီး ဂျရတ် ဟူလီယာက ပြောင်းလဲပေးခဲ့တာဖြစ်တယ်။ ကလော့ပ်လက်ထက်ထိလည်း အသုံးပြုခဲ့ပေမယ့် ခေတ်သစ်မှာ လီဗာပူးဟာ ကမ္ဘာကြီးကို မျက်စိဖွင့်ပြီး ဝင်ရောက်ဖို့ အချိန်တန်လာခဲ့ပါပြီ။

လီဗာပူးဟာ ကမ္ဘာလုံးဆိုင်ရာ အမှတ်အသားတစ်ခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ဖို့ စတင်လာခဲ့ပြီဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် ချန်ပီယံတွေအဖြစ် ကီရာဘီကို ဗိုလ်ဝင်ခံနိုင်မယ်လို့ ယုံကြည်ရတာဖြစ်ပါတယ်။

ဟန်သာ