ဇန်နဝါရီ အပြောင်းအရွှေ့ကို ကျော်လွန်ပြီးမှ လီဗာပူးနဲ့ တီမိုဝါနာကြား အပြောင်းအရွှေ့ သတင်းတွေ ခပ်စိပ်စိပ် ကြားနေရတဲ့အပေါ် မေးခွန်းထုတ်ကြသူတွေ ရှိနေကြမှာပါ။

အဓိက အကြောင်းရင်းက လိုက်ဇစ်ဟာ ဝါနာကို ဇန်နဝါရီမှာ လက်လွတ်မခံပဲ နွေမှ ထွက်ခွာခွင့်ပေးခြင်းကြောင့် ဖြစ်သလို နောက်ထပ် အကြောင်းရင်းက ဂျာမနီကလပ်နဲ့ တိုက်စစ်သမားကြား စာချုပ်အရ ပေါင် ၅၁ သန်းတန် စာချုပ်ဖျက်သိမ်းကြေးဟာ ဧပရယ်လ အကုန်မှာ အသက်ဝင်မှာဖြစ်လို့ပါပဲ။

ပြီးခဲ့တဲ့ နွေမှာ လိုက်ဇစ်နဲ့ ဝါနာတို့ သက်တမ်းတိုးခဲ့စဉ် အဆိုပါ သဘောတူညီမှုကို ထည့်သွင်းခဲ့တာဖြစ်ပြီး ဝါနာရဲ့ ပြောင်းရွှေ့ကြေးက မမြင့်မားနိုင်ဘူးလို့ အသံထွက်ထားတာပါ။ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချယ်ဆီး၊ လီဗာပူးတို့က ဝါနာနဲ့ ပက်သက်ပြီး ပြောင်းရွှေ့ကြေးကို သိရဖို့ အတော်လေး ကြိုးစားခဲ့ကြက မျှော်လင့်ထားတာထက် နည်းပါးစွာပဲ ပေါင် ၅၁ သန်းနဲ့ ခေါ်ယူခွင့်ရှိတာကို သိလာရတာဖြစ်တယ်။

လီဗာပူးဘက်က ဇန်နဝါရီမှာ ဝါနာကို ကမ်းလှမ်းမှု လုပ်ခဲ့ပြီး ဂျာမနီကလပ်ဘက်က လက်ကျန် ရာသီဝက်မှာ ဝါနာကို လက်လွတ်ပေးဦးမှာ မဟုတ်ကြောင်း အကြောင်းပြန်ခဲ့ဖွယ်ရှိတယ်လို့ သိထားရတာဖြစ်တယ်။ လာမယ့် လမှာ အသက် ၂၄ နှစ်ပြည့်မယ့် တိုက်စစ်သမားကို ခေါ်ယူဖို့ လီဗာပူးဘက်က ကြိုတင်ပြီး စီစဉ်စရာရှိတာတွေကကို ဒီရာသီဝက်မှာ လုပ်ဆောင်ပါမယ်။

နွေအပြောင်းအရွှေ့မှာ တစ်ကြိမ် လီဗာပူးက ဝါနာအတွက် ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် တိုက်စစ်သမားက သူ့ရဲ့ တိုးတက်မှုအတွက် လုံလောက်တဲ့ ပွဲထွက်ခွင့် ရမယ်လို့ မယုံကြည်တာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့တာပါ။ လာမယ့် ရာသီမှာ လီဗာပူးဟာ ရာသီအစောပိုင်း ကာလအတွင်း ဆာလက်ကို လက်လွတ်ရမှာဖြစ်သလို အာဖရိကဖလားကြောင့် မာနေး၊ ဆာလက်တို့ကို လက်လွတ်ရမှာဖြစ်လို့ တိုက်စစ်သမားသစ်ကို သေချာပေါက် ခေါ်ယူလိုနေတာဖြစ်တယ်။

ဂျာမနီသတင်းထောက်တွေဘက်ကတော့ ဝါနာကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားခဲ့ပေမယ့် ယုံကြည်ရတဲ့ ဂျာမန်မီဒီယာတွေရဲ့ ရင်းမြစ်အရ လီဗာပူးဟာ ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်တယ်လို့ ဖော်ပြနေကြတာဖြစ်ပါတယ်။

ZAWGYI





