မနှစ်ကရာသီမှာ ခံစစ်ပိုင်းအတွက် ကြီးမားတဲ့ ပြဿနာတွေ ရင်ဆိုင်ရအပြီး လီဗာပူးဟာ နောက်ဆုံး ရမှတ် ၃၀ အတွင်း ၂၆ မှတ် ရယူနိုင်မှုနဲ့အတူ အမှတ်ပေးဇယား အဆင့် ၃ နေရာက ရပ်တည်နိုင်ခဲ့ပါတယ်။

နက်ဖီးလစ်နဲ့ ရိုင်းဝီလီယံတို့ တောက်ပမှုက လီဗာပူးကို ကောင်းမွန်တဲ့ အောင်မြင်မှုတစ်ခု ရစေခဲ့ခြင်းဖြစ်တယ်။ တကယ်တမ်းမှာတော့ မနှစ်ကရာသီဝက် အကျော်မှာ လီဗာပူးအသင်းဟာ ရာသီကုန် အဆင့် ၄ အတွင်း မဝင်နိုင်တော့ဘူးလို့ ယူဆခံရတဲ့ အနေအထားထိကို အခြေအနေတွေ ဆိုးရွားခဲ့တာဖြစ်တယ်။

မေလနောက်ပိုင်းမှာ အခြေအနေတွေက ပြောင်းလဲလာခဲ့ပြီး ရလဒ်တွေအတွက် လီဗာပူးအသင်း တုန့်ပြန်နိုင်ခဲ့ကာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ကစားခွင့် ရလာခဲ့တာဖြစ်ပါတယ်။

သြစတြီးယား ရာသီကြိုမှာ လီဗာပူးအသင်းက ဗဟိုခံစစ်မှူး ၈ ဦးနဲ့ အလုပ်လုပ်နေခဲ့တယ်။ မိန့်ကို ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာတော့ ဘမ်ဒေးဗစ်က ကိုယ်ရေးကိုယ်တာကိစ္စ လုပ်ဆောင်ရမှာမို့ အင်္ဂလန်ကို ခွင့်နဲ့ ပြန်သွားခဲ့တာကြောင့် ခံစစ်မှူး ၇ ဦး ရွေးချယ်စရာ ရှိခဲ့ပါတယ်။ လီဗာပူးဘက်ကတော့ ဘမ်ဒေးဗစ်ဟာ အင်္ဂလန်ကိုပြန်ပြီး အပြောင်းအရွှေ့ကိစ္စ သွားလုပ်တာ မဟုတ်ဘူးလို့ ဆိုထားပြီး သြစတြီးယားကနေ လီဗာပူးအသင်း မပြန်ခင်မှာ သူကလည်း အသင်းနဲ့ ပြန်ပူးပေါင်းပြီး ဖြစ်နေမှာပါ။

ကလော့ပ်အတွက် ဆုံးဖြတ်ချက်ကြီးတွေ လုပ်ရမယ့်ကိစ္စတွေက စောင့်ကြိုလို့နေပါတယ်။ အသင်းမှာ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်နဲ့ ပေါင် ၃၅ သန်းတန် လက်မှတ်ထိုးခေါ်ယူမှုသစ် ကိုနတေးတို့ ရှိနေပါတယ်။ ထပ်ပြီးလည်း နက်ဖီးလစ်၊ ရိုင်း၊ ဒေးဗစ်နဲ့ ကိုမတ်တီယိုတို့ကလည်း ရွေးချယ်စရာတွေ ဖြစ်နေခဲ့တယ်။

လီဗာပူးအသင်းဟာ အပြောင်းအရွှေ့မှာ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ဖို့ ကစားသမား ရောင်းချခြင်းကနေ အသုံးစရိတ် ရှာဖွေဖို့လည်း လိုအပ်နေတယ်။ ကုန်ခဲ့တဲ့ တစ်နှစ်က လိုဗရန်နေရာ အစားထိုးမှု မလုပ်ခဲ့ဘဲ စီနီယာခံစစ်မှူး ၃ ဦးနဲ့ပဲ တစ်ရာသီလုံးကို ရှေ့ဆက်ခြင်းက အသင်းကို ကြီးမားစွာ ထိခိုက်စေခဲ့ပါတယ်။

ရာသီသစ်မှာ ဖာဘင်ညို ဗဟိုခံစစ်မှူးနေရာ ပြန်ဝင်ကစားရတာမျိုးကို ပရိသတ်တွေ မမြင်လိုတော့ပါဘူး။ ဖာဘင်ညိုက ဗဟိုခံစစ်မှာ ကစားနိုင်ပေမယ့် သူ ကွင်းလယ် နံပါတ် ၆ နေရာမှာ ကစားတာက လီဗာပူးအတွက် ပိုအကျိုးဖြစ်စေပါတယ်။ ဖာဘင်ညိုရဲ့ ကွင်းလယ်ပိုင်းကို ထိန်းချုပ်ပေးမှုနဲ့အတူ သီယာဂို လွတ်လွတ်လပ်လပ် ကစားခွင့်ရတာက ရာသီကုန်ခါနီး ၁၀ ပွဲအတွင်း လီဗာပူးကို ရှင်သန်စေခဲ့တာဟာ တိုက်ဆိုင်မှုလည်း မဟုတ်ပါဘူး။

မနှစ်က ဒုတိယရာသီဝက်မှာ ဖီလစ်က သူရဲကောင်းအဖြစ် တောက်ပခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အနာဂတ်ကတော့ မသေချာသေးပါဘူး။ လီဗာပူးပရိသတ်တွေက နက်ဖီးလစ်ကို ဆက်ရှိစေလိုပေမယ့် အသက် ၂၄ နှစ်အရွယ် ခံစစ်မှူးက ပုံမှန်ပွဲကစားခွင့် လိုချင်နေပါပြီ။ လီဗာပူးမှာ ဆက်ရှိနေမယ်ဆိုရင် သူ့မှာ အဲ့သည် အခွင့်အရေး မရှိဘူးဆိုတာကို နက်ဖီးလစ်က နားလည်တယ်။

လီဗာပူးဘက်ကတော့ နက်ဖီးလစ်အတွက် ပေါင် ၁၅ သန်း ရရင် ဆွေးနွေးစကားပြောမယ်လို့ လမ်းဖွင့်ပေးထားပါတယ်။ The Athletic ကပဲ နက်ဖီးလစ်ကို ခေါ်ယူဖို့ လေဗာကူဆင်နဲ့ ဝက်ဟမ်းအသင်းတို့က ဒီရက်ပိုင်းမှာပဲ ချိတ်ဆက် စကားပြောမှုတွေ ရှိနေတယ်။ ဘန်လေ၊ ဘရိုက်တန်၊ နယူးကာဆယ်တို့ကလည်း အရင်ကတည်းက ချိတ်ဆက်ထားဖူးတာ ဖြစ်ပါတယ်။

ရှက်ဖီးယူနိုက်တက်ကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ လီဗာပူးကို ပေါင် ၁.၆ သန်းဖြင့် ရောက်လာခဲ့တဲ့ ဘမ်ဒေးဗစ်အတွက် မေးမြန်းမှုတွေ လုပ်နေပါတယ်။ အသက် ၂၅ နှစ်အရွယ် ခံစစ်မှူးက အခုချိန်ထိ လီဗာပူးအတွက် တစ်ပွဲမှ မကစားရသေးပေမယ့် ဟူးစီးတီးကနေ လီဗာပူးကို ပြောင်းလာပြီးနောက် ပွဲထွက်ခွင့်အတွက် အချိန်ယူ ကြိုးစားပြနိုင်ခဲ့တဲ့ ရော်ဘတ်ဆန်လို သူလုပ်ပြလိုကြောင်း ယာဂင်ကို အသိပေးထားပါတယ်။

နက်ဖီးလစ်နဲ့ ဒေးဗစ်တို့ရဲ့ အနာဂတ်က သူတို့အတွက် ကမ်းလှမ်းလာမှုအပေါ် မူတည်ပါတယ်။ လက်ရှိ အနေအထားအရတော့ ပြောင်းလဲပြုလွယ် အနေအထားပဲဖြစ်ပြီး ဆက်ရှိနေမယ်လို့ ယတိပြတ် မပြောနိုင်သလို မထွက်ခွာဘူးလို့လည်း အာမမခံနိုင်သေးပါဘူး။

ရိုင်းဝီလီယမ်ရဲ့ အခြေအနေ့ကတော့ ဒီနွေမှာ သူရဲ့ တိုးတက်မှုအတွက် အငှားချတာကို မလုပ်နိုင်ရင် ယူ-၂၃ အသင်းထံ ပြန်သွားရဖို့ ရှိနေတယ်။

ပရီးမီးယားလိဂ် ရာသီသစ်အဖြစ် နော့ဝစ်နဲ့ စတင်ဖို့ ၃ ပတ်ပဲ လိုအပ်တာဖြစ်ပြီး ဘယ်ခံစစ်အတွဲကို သုံးမလဲဆိုတာက မေးခွန်းဖြစ်နေဆဲပါပဲ။ ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ လေ့ကျင့်ရေးတွေမှာ ပါဝင်နေပေမယ့် စွန့်စားပြီး မသုံးဖို့ အသင်းဘက်က ဆုံးဖြတ်ထားပြီး လာမယ့်အပတ် ဟာသာဘာလင်နဲ့ပွဲမှာလည်း ပါဝင်မှာ မဟုတ်ပါဘူး။ သြဂုတ်လ ၈ ရက်နေ့ အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် ဘီဘာအိုပွဲက အဖြေဖြစ်လာနိုင်ပြီး အဆိုပါပွဲမှာ မြင်ရမယ် ခံစစ်အတွဲ ရာသီသစ်ရဲ့ အဓိက ခံစစ်တွဲလုံး ဖြစ်လာနိုင်ပါတယ်။

လီဗာပူးအသင်းက စွမ်းဆောင်ရည်နဲ့ ပြန်လည်အားဖြည့်ရေးဆိုင်ရာ အကြီးအကဲအဖြစ် Andreas Schlumberger ကို တာဝန်ပေးထားပါတယ်။ ဗန်ဒိုက်နဲ့ ဂိုးမက်စ်က သူ့ကို ‘ပရော်ဖက်ဆာ’ လို့ ခေါ်ကြပြီး Schlumberger ဟာ ကစားသမားတွေရဲ့ ပြန်လည် ထူထောင်ရေးကို အဓိက တာဝန်ယူပေးနေပါတယ်။

ရာသီကြိုမှာတော့ ဗန်ဒိုက်နဲ့ ဂိုမက်စ် အတွဲကို အတူတကွ လေ့ကျင့်ခြင်း၊ ဘက်စကတ်ဘော ကစားစေခြင်း၊ အတူ အနားယူစေခြင်းတွေဖြင့် တွဲဘက်ပေးထားတယ်။ ကြားရသလောက်ကတော့ သူတို့နှစ်ဦးတည်းက တစ်ဦးကို သုံးဖို့ဆိုတာထက် သူတို့နှစ်ဦးကို ဗဟိုခံစစ်အတွဲအဖြစ်ပဲ လီဗာပူးနည်းပြအဖွဲ့က ရည်ရွယ်ထားပါတယ်။

အကောင်းမြင်စရာကတော့ ရာသီကြိုမှာ မာတစ်က ကြံ့ခိုင်မှု ကောင်းလာနေပြီး ကိုနတေးက အသင်းကစားကွက်မှာ အံဝင်လာနေခြင်းဖြစ်တယ်။ မာတစ်က ဘောလုံးဖြန့်ဝေမှုကောင်းမွန်ပြီး ကိုနတေးက မြန်နှုန်း အတော်ကောင်းမွန်တယ်။ နှစ်ဦးလုံးဟာ အမြင့်ဘောတွေကို တားဆီးနိုင်စွမ်း ရှိထားပါတယ်။ တာဝါကြီးလို့ နာမည်ပြောင်ရထားတဲ့ မာတစ်ဟာ တည်ကန်ဘော ကာကွယ်မှုတွေမှာလည်း ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပြထားတယ်လို့ နည်းပြ ပပ်လင်ဒါးက ထုတ်ပြောထားတယ်။

ကုန်ခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုမှာ လီဗာပူးရဲ့ အမှတ်ပေးပွဲ ၇၆ ပွဲအတွင်း မာတစ်ဟာ ၂၆ ပွဲပဲ ကစားထားနိုင်ပါတယ်။ ဒါကပဲ လီဗာပူးရဲ့ စိုးရိမ်စရာကိစ္စဖြစ်ပြီး လာမယ့်ရာသီမှာ အသင်းခံစစ်အတွက် မာတစ်ထံက ကြံ့ခိုင်မှုကောင်းတွေ မြင်ရဖို့ အာမခံချက် မရှိပါဘူး။

ကိုနတေးကတော့ အသက်အရွယ် ငယ်ရွယ်သေးပေမယ့် အတွေ့အကြုံပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုပိုင်းမှာ အားကောင်းနေပါပြီ။ လီဗာပူးနဲ့ လိုက်ဇစ်ရဲ့ ကစားဟန်က တူညီမှုတွေ ရှိထားခြင်းကြောင့် အသင်းကစားကွက်မှာ ပြင်သစ်သားလေး ခပ်မြန်မြန် အံဝင်လာမယ်လို့ မန်နေဂျာကလော့ပ်က ယုံကြည်ထားတယ်။

လီဗာပူးအသင်းဟာ ဗန်ဒိုက်၊ ဂိုးမက်စ်တို့ရဲ့ ကြံ့ခိုင်မှုကို အသေးစိတ် စောင့်ကြည့်နေဆဲအချိန်မှာ မာတစ်နဲ့ ကိုနတေးတို့ ခပ်မြန်မြန် အတွဲအဘက် မိလာဖို့ စီစဉ်နေပါတယ်။ သို့ပေမယ့် ပြောခဲ့သလိုပဲ မနှစ်က ကာလရှည် ဒဏ်ရာတွေရထားခဲ့တဲ့ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့ရဲ့ ကြံ့ခိုင်မှုဟာ ဘယ်အတိုင်းအတာထိ တည်ငြိမ်နေတယ်ဆိုတာ မသိနိုင်သေးခြင်းနဲ့အတူ အဓိက ဗဟိုခံစစ်အတွဲက ဘယ်သူတွေလဲဆိုတာက ရင်မောရတဲ့ မေးခွန်းဖြစ်နေဆဲလို့ပဲ ဆိုရပါတော့မယ်။

(The Athletic မှ လီဗာပူးသတင်းထောက် James Pearce ရဲ့ ခံစစ်အတွက် ဆောင်းပါးတစ်ပုဒ်အား မှီငြမ်းပြီး ပြန်လည် ဖော်ပြခြင်း ဖြစ်ပါတယ်။)