လီဗာပူးအသင်းဟာ မနှစ်က ဗဟိုခံစစ် ပြဿနာတွေကြောင့် ခံစစ်ပိုင်း တည်ငြိမ်အောင် အတော်လေး ကြိုးစားခဲ့ရတဲ့ အကျိုးဆက်အားဖြင့် ဘယ်အစွန်နေရာ တည်ငြိမ်ရေး ရည်ရွယ်ပြီး ရောဘတ်ဆန်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲ ၃၈ ပွဲမှာ ၃၄ မိနစ်ပဲ အနားပေးခဲ့ပါတယ်။

လီဗာပူးဟာ မနှစ်က နွေရာသီမှာ ရော်ဘတ်ဆန်နေရာ အရန်အဖြစ် အိုလံပီယာကော့စ်ကနေ ဘယ်အစွန်လူ ကိုစတက်ကို ပေါင် ၁၁.၇၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ရောဘတ်ဆန်က လိဂ်မှာ ၃၈ ပွဲလုံးကို ပွဲထွက်လူစာရင်းက ပါဝင်ခွင့်ရခဲ့ကာ ကိုစတက်က ၆ မိနစ်သာ ကစားခွင့် ရခဲ့တာပါ။

ဂရိ နောက်ခံလူဟာ ချန်ပီယံလိဂ်ပွဲ အနည်းငယ်မှာ ပွဲထွက်ခဲ့ရပေမယ့် အရန်လူအဖြစ်ပဲ နေခဲ့ရတာဖြစ်တယ်။ ဒီနွေမှာတော့ နာပိုလီနဲ့ ဖီနာဘာချီတို့က သူ့ကို ခေါ်ယူဖို့ အလိုရှိခဲ့တာကြောင့် အနာဂတ် အခြေအနေကို သေချာ စဉ်းစားရခဲ့ရပြီး အဆုံးမှာ အသင်းမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ယာဂင်ကလော့ပ်အတွက် ကစားပေးဖို့ဆိုရင် စိတ်ရှည်ဖို့ လိုပါတယ်။ ကလော့ပ်က ကစားသမားတွေကို စီနီယာအသင်းမှာ နေရာပေးဖို့ ဘယ်တော့မှ မလောဘဲ ဖြည်းဖြည်းချင်းပဲ အလုပ်လုပ်တတ်သူဖြစ်တယ်။ ရော်ဘတ်ဆန်တောင် ၂၀၁၇ မှာ ဟားလ်စီးတီးကနေ ရောက်ရှိလာတုန်းက လီဗာပူးမှာ အသားကျဖို့ အချိန်ယူခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ ပွဲဦးထွက်ရာသီမှာ လီဗာပူးရဲ့ ပထမဆုံး လိဂ် ၁၄ ပွဲမှာ ၂ ပွဲသာ ပွဲထွက်ခဲ့ရပြီး အများအားဖြင့် ကွင်းဘေးမှာပဲ အချိန်ဖြုန်းခဲ့ရကာ ကလော့ပ်ရဲ့ စတိုင်ကို သင်ယူပြီး မိုရီနိုရဲ့ ကစားပုံကို ထိုင်ကြည့်ခဲ့ရတာပါ။ နောက်ပိုင်းမှာပဲ ပုံမှန်ပွဲထွက်ခွင့်တွေ စတင်ရရှိလာကာ ပရီးမီးယားလိဂ်နဲ့ ဥရောပရဲ့ အကောင်းဆုံး ဘယ်အစွန်လူတွေထဲက တစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့တာပါ။

ချိန်ဘာလိန်ဟာလဲ လိဂ်မှာ ပွဲထွက်ခွင့်မရခင် အရန်လူအနေနဲ့ ၇ ပွဲ ကစားခဲ့ရပြီး ဖာဘင်ညိုကတော့ ၂၀၁၈ နွေရာသီမှာ ပေါင်သန်း ၄၀ နဲ့ ရောက်ရှိလာပြီးနောက် အောက်တိုဘာ မတိုင်ခင်အထိ လိဂ်တစ်ပွဲမှ ပွဲထွက်ခွင့် မရခဲ့ပါဘူး။ လီဗာပူး ကစားသမားတွေနဲ့ ပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်နိုင်ပေမယ့် ကလော့ပ်ရဲ့ နည်းလမ်းက အဲ့လိုပါပဲ။

ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့မှာ အိုလံပီယာကော့စ်အတွက် အထင်ကြီးစရာ စွမ်းဆောင်ရည်တွေ ပြသခဲ့တာကြောင့် ကိုစတက်ကို လီဗာပူးက ခေါ်ယူခဲ့တာဖြစ်တယ်။ ၂၀၁၉-၂၀၂၀ ရာသီတုန်းက ယူရိုပါလိဂ်မှာ သူ့ရဲ့ တပွဲပျမ်းမျှ ဖျက်ထုတ်မှု ၄.၃ ကြိမ်ဆိုတာဟာ ပြိုင်ပွဲမှာ စတုတ္ထမြောက် အကောင်းဆုံး အချက်အလက်လဲ ဖြစ်ပါတယ်။

ဘောလုံးမရှိချိန်မှာတောင် သူ့ရဲ့ စိတ်အားထက်သန်မှုက ကလော့ပ်ရဲ့ ဖိအားပြင်းပြင်းပေးပြီး ကစားတတ်တဲ့ လီဗာပူး စတိုင်နဲ့ လုံးဝ အံဝင်နေခဲ့တာပါ။ သူက နောက်ခံလူတွေဆီကနေ ဘောလုံးလက်ခံရယူပြီး အရှေ့ကို သယ်ဆောင်ပေးနိုင်စွမ်း ရှိသလို ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာလဲ အိုလံပီယာကော့စ်အတွက် ခိုင်မာတဲ့ တိုက်စစ်ပံ့ပိုးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

မနှစ်က ပထမအသင်းကနေ ကိုစတက်ကို ဖယ်ထုတ်ထားခဲ့ပေမယ့် ရာသီကြိုမှာ ရောဘတ်ဆန်က ခြေကျင်းဝတ် ဒဏ်ရာရခဲ့တဲ့နောက် ကလော့ပ်အနေနဲ့ သူ့ကို အားကိုးရဖို့ ဖြစ်လာပါတယ်။ ကိုစတက်ဟာ ဒီရာသီ လိဂ် ၂ ပွဲလုံးမှာ ပွဲထွက်ခဲ့ပြီး နောဝစ်ချ်၊ ဘန်လေတို့ကို နိုင်ခဲ့တဲ့ပွဲတွေမှာ ချီးကျူးစရာ ပေးပို့မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

နောဝစ်ခ်ျနဲ့ ပွဲချိန်နှောင်းပိုင်းမှာ သူဟာ အနည်းငယ် ပေါ့လျော့နေပုံပေါ်ပြီး အမှားအနည်းငယ် လုပ်မိခဲ့ပေမယ့် ဘန်လေနဲ့ပွဲမှာတော့ ဘောလုံးရှိချိန်ကော မရှိချိန်မှာပါ အတော်လေး အဆင်ပြေပြေ ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒီ့ပွဲမှာ သူဟာ ဂျိုတာရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့တာ အပါအဝင် အဓိက ပေးပို့မှု ၄ ကြိမ် လုပ်ခဲ့ပြီး သူ့ထက် ပိုလုပ်နိုင်ခဲ့တဲ့ ကစားသမားဆိုလို့ အာနိုး (၇ကြိမ်) သာ ရှိပါတယ်။

ဒါတွေဟာ နေ့ချင်း ညချင်း ရလာတဲ့ အကျိုးဆက် မဟုတ်ဘဲ လီဗာပူးနည်းပြအဖွဲ့ရဲ့ အသင်းသားတွေကို သူတို့ နည်းစနစ်မှာ အံဝင်လာအောင် စိတ်ရှည်ရှည် ကြိုးစားပေးခြင်းရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ကိုစတက်ဟာ ပြီးခဲ့တဲ့ ၁၂ လလုံး ကလပ်မှာ အတူရှိနေခဲ့ပြီး အသင်းရဲ့ စတိုင်ကို လေ့လာသင်ယူရင်း တိုးတက်လာနေတယ်ဆိုတာ သက်သေပြနေခြင်းဖြစ်တယ်။

ရော်ဘတ်ဆန်က ဒဏ်ရာကနေ မြန်မြန် ပြန်ကောင်းလာခဲ့ပြီး ဒီတစ်ပတ် ချယ်ဆီးနဲ့ ပွဲမှာတောင် ပါဝင်နိုင်ခြေ ရှိပါတယ်။ သူက ဥရောပရဲ့ အကောင်းဆုံးဘယ်အစွန်လူတွေထဲက တစ်ယောက်ဖြစ်သလို လီဗာပူးရဲ့ မကြာသေးမီက အောင်မြင်မှုတွေမှာလဲ အရေးပါခဲ့ပြီး သူ့ရဲ့ အချက်အလက်တွေကလဲ အမြဲတမ်း အထင်ကြီးစရာကောင်းခဲ့တယ်။

ရော်ဘတ်ဆန်ဟာ မနှစ်က ပရီးမီးယားလိဂ် ပွဲတိုင်းမှာ ပွဲထွက်ရတဲ့ တစ်ဦးတည်းသော လီဗာပူးကစားသမား ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာ ကိုစတက်က တောင့်တင်းတဲ့ အရန် ရွေးချယ်စရာအဖြစ် စွမ်းဆောင်ပြနေခဲ့တာကြောင့် ဘယ်ခြမ်းမှာ ရော်ဘတ်ဆန်ကိုပဲ အရမ်း အားထားနေဖို့ လိုအပ်တော့မှာ မဟုတ်ပါဘူး။

ကလော့ပ်နဲ့ သူရဲ့နည်းပြအဖွဲ့ရဲ့ သူ့ကစားသမားတွေကို ဖိအားတွေအောက်မှာ မရှိစေဘဲ လေ့ကျင့်ရေးကွင်းမှာ စိတ်ရှည်ရှည် သင်ပြမှုတွေရဲ့ အကျိုးဖြစ်ထွန်းမှုဟာ သက်သေပြပြီးရင်း ပြလာနေခဲ့ပြီဖြစ်ပါတယ်။