လီဗာပူးအသင်းဟာ ဘရန့်ဖိုဒ့်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ ၃-၃ ရလဒ် ထွက်ပေါ်ခဲ့ပြီး ဒီအပတ် ပြိုင်ဘက်အသင်းတွေ ရလဒ်မကောင်းမှုကို အခွင့်အရေးယူနိုင်ခွင့် ဆုံးရံှုးခဲ့တာဖြစ်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က ကာရာဘောင်းပွဲ လူစာရင်း တစ်ခုလုံးကို အပြောင်းအလဲလုပ်ကကာ တောင့်တင်းတဲ့ လူစာရင်းကို ပွဲထုတ်လာခဲ့တယ်။ ပွဲအစပိုင်းမှာတော့ မြန်မြန်ဆန်ဆန် စတင်နိုင်ခဲ့ကာ ဆာလာ ပိတ်သွင်းမှု ဂိုးဝင်လုထိ ဖြစ်ခဲ့ပေမယ့် ဘရန့်ဖိုဒ့်ဘက်က ဂိုးလိုင်းနားကနေ ရှင်းထုတ်နိုင်ခဲ့တယ်။

ချက်ခြင်းဆိုသလို ဘရန့်ဖိုဒ့်က ပြန်လည် ထိုးဖောက်လာခဲ့ရာမှာ ပိတ်သွင်းချက် ကောင်းခဲ့ပေမယ့် မာတစ် ဂိုးလိုင်းနားက ပြန်ရှင်းထုတ်ခဲ့ရပါတယ်။ တကယ်တမ်းတော့ ပွဲစလာချိန်မှာ ဒီပွဲတော့ လီဗာပူး အစီးကစားပြီးလို့ ထင်ခဲ့ပေမယ့် မထင်ရလောက်အောင်ပဲ ဘရန့်ဖိုဒ့်ရဲ့ ရဲရင့်စွာ ကစားမှုမှာ ထရန့် အမှားစများလာခြင်းနဲ့အတူ လီဗာပူးခံစစ် ယိုင်ကျလာတာကို မြင်ခဲ့ရပါတယ်။

ပထမပိုင်းအတွင်းမှာတော့ လီဗာပူးတိုက်စစ်နဲ့ ကွင်းလယ်က အမှား သိပ်မရှိခဲ့ပါဘူး။ ဟန်ဒို ထရန့်နေရာ ရသလောက် ဖြည့်နေပေမယ့် ထရန့်က တစ်ဦးချင်း အနေအထားမှာကို တော်တော်ရုန်းနေရတာပါ။ ထူးထူးခြားခြားပဲ ဒီပွဲမှာ ဗန်ဒိုက်နဲ့ မာတစ်ကလည်း ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေခဲ့ကာ ခံစစ်ကြောင်းကို ထိန်းထားနိုင်ခြင်း မရှိပါဘူး။

ဘရန့်ဖိုဒ့်ရတဲ့ သွင်းဂိုးကို ကြည့်မယ်ဆိုရင် ပြစ်ဒဏ်ဘော အနေအထားမှာ ရော်ဘတ်ဆန်ဘက်ကို ဦးတည်ပြီး အစွန်ထိပ်ထိ တက်လာခဲ့ရာက အနိမ့်ဘော ဖြတ်တင်ပေးမှုကို မာတစ်၊ ဗန်ဒိုက်တို့ကို ကျော်ဖြတ်ကာ ထရန့်ဘက်ကနေ ပိတ်သွင်းသွားခဲ့တာဖြစ်တယ်။ ပထမဆုံး ပေးဂိုးမှာတော့ အယ်လီဆန်နဲ့ ဖာဘင်ညိုတို့ ကြောင်ငေးနေမှုတွေကလည်း အပြစ်မကင်းလှပါဘူး။

ခြေပဂိုးကတော့ ညာခြမ်းကနေ ဆာလာ၊ ဟန်ဒါဆန် တွဲလုံးကနေ ဟန်ဒါဆန် ဖြတ်တင်ပေးမှုကို ဂျိုတာကပဲ ဧရိယာထဲမှာ ခေါင်းတိုက် သွင်းယူတာဖြစ်ပါတယ်။ လီဗာပူးက ဦးဆောင်ဂိုး ပေးရပြီးနောက်မှာ ခြေစွမ်း ပြန်ရလာခဲ့ကာ ခြေပဂိုး ပြန်ရယူနိုင်ခဲ့ပြီး ပထမပိုင်းမှာ သူတစ်ပြန် ကိုယ်တစ်ပြန် အခွင့်အရေးတွေနဲ့ ၁-၁ သရေကျခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း နှစ်သင်းလုံး တိုက်စစ်ဖွင့်မှုနဲ့အတူ ပွဲက ကြည့်ကောင်းခဲ့ပါတယ်။ ဖာဘင်ညိုရဲ့ ကျော်ချပေးမှုကို ဆာလာ ပိတ်သွင်းပြီး လီဗာပူးကစားသမားဘဝ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ကို ရယူမှုဆိုရင် အတော်လေး လှပခဲ့တာပါ။ ဒါပေမယ့်လို့ တတိယဂိုးကို ထပ်သွင်းဖို့ အမှားတွေ များနေမှုကနေ ဘရန့်ဖိုဒ့်က ခြေပဂိုး ရယူပါတယ်။

ဘရန့်ဖိုဒ့်ရဲ့ ဒုတိယခြေပဂိုးကတော့ လီဗာပူးခံစစ်ကြောင်းရဲ့ စုဖွဲ့မှု ပြိုကွဲနေမှုကနေ ရသွားခဲ့ခြင်း ဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းသားတွေဟာ အရပ်အမောင်း မြင့်မားတယ်ဆိုပေမယ့်လို့ ဒီပွဲမှာ ဗန်ဒိုက်ရဲ့ ခံစစ်ကြောင်း နေရာချပုံနဲ့ သူကိုယ်တိုင် ပါဝင်ပုံက အမှား အတော်လေး များခဲ့ပါတယ်။ အကယ်လို့ ဗန်ဒိုက် အာရုံစူးစိုက်မှု ကောင်းမွန်နေမယ်ဆိုရင် တိုင်ထိထွက်လာတဲ့ ဘောလုံးကို ပိုကောင်းတဲ့ အနေအထားနဲ့ ကာကွယ်နိုင်လု ဖြစ်ခဲ့မယ်လို့ ယုံကြည်ရတယ်။

ပွဲက အပြန်အလှန် ကစားရင်းမှာပဲ ဘယ်ခြမ်းကနေ ရော်ဘတ်ဆန်နဲ့ ဂျုံးတွဲလုံးကနေ ဂျုံးက အပြင်းကန်သွင်းခဲ့ပါတယ်။ တော်တော်လှတဲ့ ကန်ချက်ဖြစ်ပြီး အဆုံးသတ်နားမှာတော့ လူထိပြီး လမ်းကြောင်းပြောင်းခဲ့တဲ့ သဘောမှာရှိပါတယ်။ ချက်ခြင်းပဲ မန်နေဂျာကလော့ပ်က တိုက်စစ်မှာတင် ဖိအားပေးပြီး ဘောလုံးရယူကာ ခံစစ်ကို ကာကွယ်ပေးဖို့ ရည်ရွယ်ချက်ဖြင့် ဂျုံးကို ထုတ်ပြီး ဖာမင်နိုကို လူစားလဲခဲ့ပါတယ်။

အဲ့သည် လူစားလဲမှုက ပွဲအခြေအနေကိုတော့ မပြောင်းနိုင်ခဲ့ပါဘူး။ ခံစစ်က အမှားတွေ ဆက်များနေဆဲဖြစ်ပြီး ဖရိုဖရဲနိုင်မှုက စုစည်းမရဖြစ်နေဆဲပါပဲ။ ဘရန့်ဖိုဒ့်ရဲ့ ဖြတ်တင်ဘောကို ထရန့် ခေါင်းခုန်တိုက်ရာမှာ ပြိုင်ဘက်ကစားသမားက ဖိတိုက်ခဲ့ပေမယ့် ဖောင်းမဖြစ်ခဲ့ဘဲ ကျနေတဲ့ ဘောလုံးကို လူစားဝင် ကစားသမားက ပိတ်သွင်းပြီး ခြေပဂိုး ရယူခဲ့တာဖြစ်တယ်။

ဒီကနေ့ပွဲမှာ ဆာလာ၊ မာနေး၊ ဂျိုတာ၊ ဖာမင်နိုတို့ အခြားသော အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် အပိုင်ပိတ်သွင်းနိုင်ခြင်းတွေ မရှိခဲ့ဘူး။ ခံစစ်ကလည်း အမှားတွေ များခဲ့ခြင်းကြောင့် အဝေးကွင်းမှာ ၃-၃ သရေရလဒ်ပဲ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။