ကာတစ်ဂျုံး အနေနဲ့ မာဆေးဆိုဒ်မှာ နေရင်းနဲ့ ပိုပြီး လေ့လာသင်ယူနိုင်တဲ့အကြောင်း ယာဂင်ကလော့ပ်က ရှင်းပြခဲ့တာနဲ့အတူ ဂျုံးအတွက် အငှားကမ်းလှမ်းမှု များစွာကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ဂျုံးဟာ လီဗာပူးအကယ်ဒမီမှ အတော်ဆုံး ပါရမီရှင် တစ်ယောက်အနေနဲ့ သတ်မှတ်ခံခဲ့ရပြီး လူငယ်အဆင့်တွေကနေ မြန်မြန်ဆန်ဆန်ပဲ အသင်းကြီးဆီ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ဇန်နဝါရီလကုန်မှာ အသက် ၂၁ နှစ်ပြည့်မယ့် ကွင်းလယ်လူဟာ စီနီယာအသင်းအတွက် ပွဲ ၅၀ ပြည့် ကစားပေးခဲ့ပြီး ပွဲထွက်စာရင်းမှာ အထင်ကြီးစရာ ကစားသမားတစ်ယောက်အဖြစ် သက်သေပြလာနေခဲ့တာပါ။

ကြားရက်က ပေါ်တိုကို ၅-၁နဲ့ နိုင်ခဲ့တဲ့ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ လီဗာပူး ကစားသမားဘဝ အကောင်းဆုံးခြေစွမ်းဖြစ်ခဲ့ပြီး တနင်္ဂနွေနေ့ မန်စီးတီးနဲ့ပွဲမှာ ဆက်လက်ပြီး ပွဲထွက်ခွင့်ရရှိဖို့ မျှော်လင့်ရပါတယ်။ ဒီလိုပွဲကြီးတွေမှာ ယုံကြည်မှုပေးခံရတာဟာ အငှားထွက်ကစားခြင်းထက် ယာဂင်ကလော့ပ် လက်အောက် နှစ်များစွာ လေ့ကျင့်ခဲ့တာကြောင့်နဲ့ သက်ဆိုင်ပါတယ်။

လီဗာပူးဟာ ဂျုံးအတွက် လိဂ်ဝမ်းကလပ်တွေဆီက အစောပိုင်း ချဉ်းကပ်မှုတွေကို ပယ်ချခဲ့တဲ့အပြင် လိုက်ဇစ်ရဲ့ ၂ နှစ်ကမ်းလှမ်းမှုနဲ့အတူ မကြာသေးမီကပဲ လိဒ်ထံက အငှားခေါ်ယူဖို့ စုံစမ်းမှုတွေကိုပါ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

“လူတွေက အကြိမ်ပေါင်း ရာနဲ့ချီ ကျွန်တော့်ကို လာမေးကြတယ်။ ‘သူ့ကို အငှားချလို့ရမလား’ ဆိုပြီးတော့ပေါ့။ ပွဲကစားတဲ့ အလေ့အကျင့်ရဖို့ အငှားချရမှာလား။ နေပါစေ။ ကလပ်မှာပဲ သူ့ကို ဆက်ထားမှာပါ။ လူငယ်ကောင်လေး တစ်ယောက်အနေနဲ့ ကလပ်အတွက် တကယ်ကို စိတ်ရောကိုယ်ပါ မြုပ်နှံထားတာက ကောင်းတဲ့အရာပါပဲ။

သူက ၁၈၊ ၁၉ အရွယ်မှာ တစ်ရာသီ ပွဲသုံးလေးဆယ် မကစားရနိုင်ဘူးဆိုပေမယ့် ဒီမှာလေ့ကျင့်ရင်း အများကြီး သင်ယူနိုင်နေဆဲပါ။ ကျွန်တော် သူ့ကို လိဂ်ဝမ်းမှာ ပွဲသုံးဆယ်လောက် ကစားဖို့အတွက်နဲ့ ပေးမသွားချင်ခဲ့ဘူး။ ဒီမှာပဲ ဆက်နေစေချင်ခဲ့တယ်။ ဒါမှပဲသူက ကျွန်တော်တို့ရဲ့ကစားပုံတွေကို လေ့လာသင်ယူနိုင်မှာပါ။ အဲ့ဒီ့အတိုင်းပဲ သူလုပ်ခဲ့ပါတယ်”လို့ ကလော့ပ်က ပြောဆိုခဲ့တာပါ။

ဂျုံးဟာ စိတ်လှုပ်ရှားစရာ ကွင်းလယ်တိုက်စစ်ကစားသမားအနေနဲ့ ထိုးဖောက်အောင်မြင်လာတဲ့အပြင် တောင်ပံမှာလည်း အလားတူ အကျိုးသက်ရောက်မှု ပေးပါတယ်။ သူက သူ့အသက်အရွယ်နဲ့ အတော်လေးကို ဘက်စုံရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး လေ့ကျင့်ရေးမှာ သူ့ရဲ့ အရည်အသွေးတွေကို သွေးသရင်း အချိန်ကုန်ဆုံးစေခဲ့တာကို ကလော့ပ်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

“ ဒီမှာ နေရင်းနဲ့ ဘောလုံးမရှိချိန် လှုပ်ရှားကစားပုံတွေကို သင်ယူနိုင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အဲ့ဒီ့အပိုင်းမှာ အရမ်းကို အားသာပါတယ်။ အမြဲတမ်း ဘောလုံးကိုင်ကစားတတ်တဲ့ နံပါတ် ၁၀ ကစားသမားအနေနဲ့ အဲ့ဒီ့လို ဘောလုံးမပါချိန် လှုပ်ရှားမှုတွေ ကောင်းမွန်တဲ့ DNA မျိုး ရဖို့ဆိုတာ မလွယ်ကူဘူး။ အချိန်လိုအပ်ပါတယ်။

ပွဲနဲ့ ပတ်သက်ပြီး တိုက်စစ်ရော ခံစစ်အကြောင်းပါ ကျွန်တော်တို့ တတ်နိုင်သလောက် အချက်အလက်တွေ အားလုံး သူ့ကို သင်ကြားပေးဖို့က ကျွန်တော်တို့ အလုပ်ပါ။ ဒါပေမယ့် ၁၇ နှစ်နဲ့ ပထမအသင်းမှာ အတူလေ့ကျင့်နေရင် အသင်းကြီးရဲ့ ပုံစံနဲ့ ကစားပုံကို လေ့လာသင်ယူဖို့ ပိုပြီး အချိန်ရပါတယ်။

အဲ့ဒီ့ရလဒ်တွေကို အခု ကွင်းထဲမှာ မြင်နေရတဲ့အတွက် ကျွန်တော် တကယ်ပျော်ပါတယ်”လို့ ကလော့ပ်က ဆိုခဲ့တာ ဖြစ်ပါတယ်။