(၁) တောင့်တင်းတဲ့ စတင်မှုရှိပေမယ့် ပြီးပြည့်စုံမှု မရှိသေးတဲ့ စီးတီး

စီးတီးဟာ ရာသီသစ် အစမှာ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့ပြီး အမှတ်ပေးပွဲ ၆ ပွဲကစားပြီးနောက်မှာလည်း ဒါက မပြောင်းလဲသွားပါဘူး။ အဖွင့်ပွဲမှာ စပါးကို ရှုံးပြီး ဆောက်သမ်တန်နဲ့ပွဲမှာ အမှတ်တွေ ဆုံးရှုံးလိုက်ရပေမယ့် ပြီးခဲ့တဲ့အပတ်က ချယ်ဆီးကို ၁-၀ နဲ့ အနိုင်ရခဲ့တာက သူတို့ရဲ့ ရည်မှန်းချက် ကြီးမားမှုကို ပြသနေပါတယ်။

အခုဆို ကလပ်နှစ်သင်းကြား တစ်မှတ်ပဲ ကွာဟနေခြင်းကြောင့် တနင်္ဂနွေနေ့ ထိပ်တိုက်တွေ့ဆုံမှုက နှစ်သင်းလုံးရဲ့ လားရာကို အများကြီး အဆုံးအဖြတ် ဖြစ်စေမှာပါ။

(၂) အသားကျလာနေတဲ့ ဂရီးလစ်

ဒီနွေမှာ ဟယ်ရီကိန်းကို မရခဲ့ပေမယ့် မန်စီးတီးဟာ ဂရီးလစ်ကိုတော့ ရခဲ့ပါတယ်။ ပေါင်သန်း ၁၀၀ တန်ကြေးက အံ့အားသင့်စရာ ဖြစ်ခဲ့ပေမယ့် ရာသီ အစောပိုင်း ပုံစံတွေအရ သူဟာ မန်နေဂျာဂွာဒီယိုလာရဲ့ အသင်းအတွက် သိပ်ကောင်းတဲ့ ခေါ်ယူမှုဖြစ်မယ်ဆိုတာကို သက်သေပြနေတာပါ။

ဂိုးနဲ့ ဖန်တီးမှု ၂ ကြိမ်စီ ရထားတာက သူ့ရဲ့ ယုံကြည်မှုနဲ့ တောက်ပနိုင်တဲ့ အဆင့်အတန်းတစ်ခုကို ရောက်ရှိစေခဲ့ပြီး သူဟာ အန်ဖီးမှာ ရှိန်နေမှာ မဟုတ်ဘူးဆိုတာကို ပြသနေတာပါ။ ဒီ့ပွဲမှာ ဂျိမ်းစ်မီနာနဲ့ ရင်ဆိုင်ကစားဖို့ကို အဓိက အာရုံစိုက်ထားပါလိမ့်မယ်။

(၃) လီဗာပူးရဲ့ ဒဏ်ရာတွေနဲ့ ဖြစ်နိုင်ဖွယ် ၁၁ ယောက် လူစာရင်း

ကလော့ပ်ဟာ ဒီပွဲကို ပေါင်ခြံဒဏ်ရာရနေတဲ့ ညာအစွန်လူ ထရန့် မပါပဲ ကစားရပါဦးမယ်။ ကွင်းလယ်က သီယာဂိုနဲ့ ဟာဗေး အယ်လီးယက်တို့လဲ မပါပေမယ့် လီဗာပူးမှာ ရွေးချယ်စရာ လူအင်အား အလုံအလောက် ရှိပါတယ်။

ညာအစွန်မှာ ဂျိမ်းစ်မီလ်နာကို မြင်တွေ့ရဖွယ်ရှိပြီး ခံစစ်မှာတော့ မာတစ်၊ ဗန်ဒိုက်နဲ့ ရောဘတ်ဆန်တို့ပဲ ဆက်ကစားပါလိမ့်မယ်။ လက်ရှိ ကွင်းလယ်သုံးနေရာမှာ ဖာဘင်ညို၊ ဟန်ဒါဆန်နဲ့ ကာတစ်ဂျုံးတို့ ပွဲထွက်ရနိုင်သလို ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာတဲ့ နာဘီကတ်တာကိုလည်း ရွေးလို့ရပါတယ်။ တိုက်စစ်ကိုတော့ ဂျိုတာနဲ့ ဖာမီနိုကြား ကလော့ပ် ရွေးချယ်ရမှာပါ။

ဖြစ်နိုင်ဖွယ် လူစာရင်း – အယ်လီဆန်၊ မီလ်နာ၊ မာတစ်၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်၊ ဖာဘင်ညို၊ ဟန်ဒါဆန်၊ ဂျုံး၊ ဆာလာ၊ မာနေး၊ ဂျိုတာ

(၄) နည်းနစ် အပြောင်းအလဲ လုပ်လာမလား

ကလော့ပ်က သူ့ရဲ့ နည်းစနစ်ကို အပြောင်းအလဲ လုပ်နိုင်ကြောင်း အရိပ်အမြွက်ပေးခဲ့ပေမယ့် ၄-၂-၃-၁ ကစားကွက် ဖြစ်နိုင်ပါတယ်။ အဲ့ဒါဟာ အရင်က မန်စီးတီးနဲ့ပွဲမှာ သုံးဖူးခဲ့သလို လီဗာပူးအနေနဲ့ ဂျိုတာနဲ့ ဖာမီနိုတို့ နှစ်ယောက်လုံးကို ပွဲထုတ်ခွင့် ရစေနိုင်ပါတယ်။ ကလော့ပ်အနေနဲ့ သူ့ကစားကွက်ကို ပြောင်းလဲမယ်ဆိုရင် ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့က double pivot အနေနဲ့ ကစားရနိုင်ပါတယ်။

(၅) မန်စီးတီးအသင်းကို ခန့်မှန်းခြင်း

ဂွာဒီယိုလာမှာ နည်းပြအများစု အိမ်မက်သာ မက်နိုင်တဲ့ လူအင်အားကြွယ်ဝမှုမျိုး ရှိတာကြောင့် သူ့ရဲ့ ပွဲထွက်လူစာရင်းကို ခန့်မှန်းဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် ချယ်ဆီးနဲ့ပွဲက လူစာရင်းအတိုင်းပဲ ဖြစ်သင့်ပါတယ်။ ဗဟိုခံစစ်မှာ ရူဘင် ဒီယက်စ်နဲ့ လာပေါ်တေး၊ ကွင်းလယ်မှာ ရိုဒရီနဲ့အတူ ဒီဘရိုင်း၊ ဘာနာဒိုဆေးဗားတို့ ပါဝင်လာနိုင်ပါတယ်။

ဂရီးလစ်၊ ဂျေးဆုနဲ့ ဖိုဒန်တို့က တိုက်စစ်မှာ ပွဲထွက်လာနိုင်ပြီး ဖိုဒန်က false nine, ဂျေးဆုက ညာတောင်ပံမှာ ကစားပြီး ဆာလာကို ထိန်းသိမ်းတဲ့နေရာမှာ ကန်ဆယ်လိုကို ကူညီပေးနိုင်ပါတယ်။

ဖြစ်နိုင်ဖွယ် လူစာရင်း – အီဒါဆန်၊ ဝေါ်ကာ၊ ဒီယက်စ်၊ လာပေါ်တေး၊ ကန်ဆယ်လို၊ ရိုဒရီ၊ ဒီဘရိုင်း၊ ဘာနာဒို၊ ဂျေးဆု၊ ဂရီးလစ်၊ ဖိုဒန်

(၆) ဥရောပရဲ့ အကောင်းဆုံးအသင်းကို ကလော့ပ် ချီးကျူး

ပွဲကြိုအင်တာဗျူးမှာ ကလော့ပ်က စီးတီးကို ဥရောပရဲ့ ထိပ်တန်းအဖြစ် ချီးကျူးခဲ့ပြီး “အခုချိန်မှာ မန်စီးတီးက ဥရောပမှာ အကောင်းဆုံးအသင်းလို့ ကျွန်တော်ထင်တယ်”လို့ ပြောဆိုခဲ့ပါတယ်။ အဲ့စကားနောက်ကွယ်မှာ အမှန်တရားတွေ ရှိနိုင်ပေမယ့် ဂွာဒီယိုလာက ကြားရက်မှာ ပီအက်စ်ဂျီကို ရှုံးထားပြီး လီဗာပူးအနေနဲ့ တနင်္ဂနွေနေ့မှာ သူတို့ကို အနိုင်ယူနိုင်တယ်လို့ ယုံကြည်မှု အပြည့်ရှိနေမှာပါ။

(၇) စီးတီးရဲ့ အန်ဖီး မှတ်တမ်းဆိုး

မနှစ်က အန်ဖီးမှာ စီးတီးတို့ ၄-၁ နဲ့ အနိုင်ရခဲ့တာဟာ လီဗာပူးတို့ ဒဏ်ရာပြဿနာတွေနဲ့ ဒုက္ခရောက်နေပြီး ပရိသတ်တွေလည်း ကွင်းထဲ မရှိခဲ့တဲ့ အချိန်ပါ။ ဒါကို ထည့်တွက်နိုင်ရဲ့လား? အဲ့ဒီ့နိုင်ပွဲက လွဲရင် အန်ဖီးဟာ စီးတီးအတွက် ကြောက်စရာ ကွင်းတစ်ကွင်း ဖြစ်ခဲ့ပြီး သူတို့ဟာ ၂၀၀၃ နောက်ပိုင်း အန်ဖီးကို လာကစားရင် တစ်ပွဲမှ အနိုင်မရခဲ့တာပါ။

ဂွာဒီယိုလာ လက်အောက်မှာ စီတီတို့ဟာ အန်ဖီးမှာကစားခဲ့တဲ့ ၆ ပွဲကို ၄ ပွဲရှုံးခဲ့ပြီး လီဗာပူးကပဲ အများအားဖြင့် အသာစီး ရယူခဲ့တာ ဖြစ်ပါတယ်။

(၈) သင်သိပါသလား?

မီလ်နာဟာ အံ့အားသင့်စရာ ကစားသမားဘဝကိုရရှိခဲ့ပြီး သူဟာ မန်စီးတီးအတွက်ကော လီဗာပူးအတွက်ပါ ကစားပေးထားသူပါ။ အသက် ၃၅ နှစ်အရွယ် ကစားသမားဟာ လီဗာပူးအတွက် အခုဆို ၂၅၄ ပွဲ ကစားပေးခဲ့ပြီး အီသီဟဒ်မှာတော့ ၂၀၃ ပွဲသာ ကစားခဲ့တာပါ။

လီဗာပူးကို ရောက်လာပြီးနောက် သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံး အဆုံးသတ်အဖြစ် ထင်ခဲ့ကြပေမယ့် အဲ့ဒီ့အစား သူဟာ စီးတီးမှာထက်တောင် လီဗာပူးအသင်းမှာ အောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။

(၉) စောင့်ကြည့်ခံနေရမယ့် ဒိုင်လူကြီး တီယာနေး

အရေးပါတဲ့ ပွဲကြီးတစ်ပွဲရဲ့ အဆုံးသတ် ရလဒ်မှာ ကွင်းလယ်ဒိုင်က အရေးပါတဲ့ နေရာကနေ ပါဝင်သွားနိုင်ပါတယ်။ ဒီလိုပွဲမျိုးတွေမှာ မိုက်ကယ် အိုလီဗာက မကြာခဏ ကိုင်တွယ်လေ့ရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒိုင်လူကြီးက ပေါလ် တီယာနေးပါ။

လီဗာပူးဟာ မနှစ်က သူကိုင်တွယ်ခဲ့တဲ့ လိဂ် ၄ ပွဲမှာ မရှုံးခဲ့ပဲ ချယ်ဆီး၊ ဗီလာတို့ကို အနိုင်ရကာ ယူနိုက်တက်၊ နယူးကာဆယ်တို့နဲ့ သရေကျခဲ့ပါတယ်။ တီယာနေးဟာ ဒီရာသီ ကိုင်တွယ်ခဲ့တဲ့ ၅ ပွဲမှာ အနီကဒ် မသုံးရသေးပဲ ပင်နယ်တီ တစ်ကြိမ်သာ ပေးခဲ့ဖူးတာ ဖြစ်ပါတယ်။

(၁၀) စူပါဆန်းဒေး အကောင်းဆုံးပွဲ

ဒီအပတ် စူပါဆန်းဒေးပွဲအဖြစ် ည မြန်မာစံတော်ချိန် ၁၀ နာရီ အန်ဖီးကွင်းမှာ လီဗာပူးနဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ပါမယ်။ ဒီပွဲဟာ ဒီအပတ်ရဲ့ အကောင်းဆုံးပွဲဖြစ်သလို ဒီရာသီရဲ့ အကောင်းဆုံးပွဲတွေထဲပါ ပါဝင်သွားနိုင်ပါတယ်။