ပေါလ်မာဆန်ဟာ လီဗာပူးရဲ့ ခံစစ် အားနည်းချက်တွေအပေါ် သူ့ရဲ့ စိုးရိမ်မှုတွေကို ဖော်ပြခဲ့ပြီး ယာဂင်ကလော့ပ်ရဲ့ အသင်းအနေနဲ့ တောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်အောင် ပြန်လုပ်ရမယ်လို့ ပြောဆိုလိုက်ကြောင်း မာဆေးဆိုဒ်အခြေစိုက် Echo သတင်းဌာနက ဖော်ပြပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ အပတ်က ဘရန့်ဖို့ဒ်နဲ့ သရေကျခဲ့တဲ့ပွဲမှာ ဗန်ဒိုက်နဲ့ မာတစ်တို့ရဲ့ ရှားရှားပါးပါး ခြေမပေါ်မှုနဲ့အတူ ပြိုင်ဘက်ကို ၃ ဂိုးခွင့်ပြုပေးခဲ့ရတာပါ။ အဆိုပါ နောက်ခံလူနှစ်ယောက်ဟာ ကာလရှည် ဒဏ်ရာကနေ ပြန်လာပြီးကတည်းက ဒီရာသီမှာ ထိပ်တန်းခြေစွမ်းတွေ ပြသခဲ့ပြီး ချယ်ဆီးနဲ့ တစ်ပွဲသာ ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် မကြာသေးမီက အပတ်တွေမှာတော့ လီဗာပူးဟာ ခံစစ်မှာ ဟာကွက်တွေ ရှိလာခဲ့တယ်လို့ မာဆန်က ယုံကြည်နေပြီး လီဗာပူးအသင်း အနေနဲ့ ခံစစ်ပိုင်းမှာ အရင်လို တောင့်တင်းအောင် ပြန်လုပ်ရမယ်လို့ သတိပေးခဲ့ပါတယ်။

“သူတို့ကို ကြည့်ရတာ အားရစရာ ကောင်းပေမယ့် ခံစစ်က အရမ်း ပွင့်လွန်းနေတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က အေစီမီလန်က ၂ ဂိုးသွင်းယူသွားတယ်။ ပဲလေ့စ် အနေနဲ့လည်း လီဗာပူး မရခင်မှာ ဂိုးအနည်းငယ် သွင်းယူနိုင်ခြေ ရှိခဲ့တာပါ။ သူတို့ခံစစ်က လစ်ဟင်းမှုတွေ ရှိနေပြီး ဒါက ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

တခါတလေ သူတို့က နည်းနည်း ပေါ့လျော့နေသလိုပဲ။ ဗန်ဒိုက်က ရေရှည်ဒဏ်ရာကနေ ပြန်လာပြီးနောက်မှာ ကြံ့ခိုင်မှု အပြည့် ပြန်ရဖို့ ကြိုးစားနေပြီး နောက်တန်းမှာ တစ်ယောက်ချင်း ရင်ဆိုင် ကစားနေရတုန်းပဲ။ သူတို့အနေနဲ့ တောင့်တင်းတဲ့ အသင်းပုံစံကို ပြန်ရဖို့ လိုတယ်လို့ ကျွန်တော် ထင်တယ်”လို့ ပေါလ်မာဆန်က ဆိုပါတယ်။

မာဆန်ဟာ ပြိုင်ဘက်ဧရိယာထဲက လီဗာပူး တိုက်စစ်ရဲ့ အစွမ်းအစတွေကိုလဲ ယုံကြည်မှု မရှိနေခဲ့တာပါ။ စက်တင်ဘာလမှာ ဂိုး ၂၀ တောင် သွင်းနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်တဲ့အပေါ် မာဆန်က ဝေဖန်ခဲ့ပြီး ဒါဟာ ရာသီနှောင်းပိုင်းမှာ လီဗာပူးကို ဒုက္ခရောက်စေနိုင်တယ်လို့ ယုံကြည်နေပါတယ်။

“ သူတို့တွေ ဂိုးတွေ သွင်းပါလိမ့်မယ်။ ဒါပေမယ့် သူတို့က လိဂ်မှာ အခွင့်အရေး အဖြုန်းတီးဆုံး အသင်းတစ်သင်း ဖြစ်နေတုန်းပဲ။ ပေါ်တိုနဲ့ပွဲတုန်းက သူတို့တွေ လုံးဝ လွှမ်းမိုးထားခဲ့ပြီး ဆာလာက မယုံနိုင်ရာ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် သူက ဂိုးသမားဆီ ဖြည်းဖြည်းလေး ကန်သွင်းဖို့ ကြိုးစားနေတယ်။ ကျွန်တော် ပေါ်တိုကိုတော့ မစိုးရိမ်ပါဘူး။

သူတို့က လိဒ်စ်နဲ့ပွဲမှာလည်း ဖြုန်းတီးခဲ့တာပဲ။ မဟုတ်ရင် အဲ့နေ့မှာ ၆-ဝ၊ ၇-ဝ၊ ၈-၀ လောက် ဖြစ်သွားနိုင်ခဲ့တာပါ။ ဒီနေ့ညပွဲမှာ သူတို့ အရှိန်မြှင့် ကစားသင့်တယ်။ ဘာလို့လဲဆိုတော့ သူတို့က မန်စီးတီးထက် ပိုကောင်းတဲ့ ဂိုးသွင်းရှင်တွေ၊ အဆုံးသတ်သူတွေ ရှိနေလို့ပဲ”လို့ မာဆန်က ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။