လီဗာပူးဟာ ဖလားပြိုင်ဘက်တွေနဲ့ ယှဉ်ရင် ဒီနွေမှာ လှုပ်ရှားမှု မရှိပဲ ငြိမ်သက်နေခဲ့ပေမယ့် အားလုံးထက် ပိုသာအောင် လုပ်ပြထားနိုင်ဆဲပါ။ အမှတ်ပေးလိဂ်မှာ ရှုံးပွဲမရှိ၊ အေစီမီလန်၊ ပေါ်တိုတို့ကို နှစ်ပွဲပေါင်း ၈ ဂိုးသွင်းပြီး ချန်ပီယံလိဂ် အုပ်စုဗိုလ်ဖြစ်နေတာကြောင့် ကလော့ပ်အတွက် စိတ်သက်သာစရာပါပဲ။

ကြောက်စရာကောင်းတဲ့ ကမ္ဘာ့ထိပ်တန်း နံပါတ် ၉ တွေဖြစ်တဲ့ လီဝန်ဒေါစကီး၊ လူကာကူ၊ ရော်နယ်ဒို၊ ကိန်းနဲ့ ဟာလန်းတို့လို တိုက်စစ်သမားတွေ မရှိပေမယ့် လီဗာပူးကလည်း မတူညီတဲ့ နည်းလမ်းတွေနဲ့ အလုပ်လုပ်နေတယ်။ ကလော့ပ်ကလည်း လီဗာပူးမှာ သူပိုင်ဆိုင်ထားတဲ့ မိုဆာလာနဲ့အတူ အားလုံးထက်သာတဲ့ စွမ်းဆောင်ရည်တွေ ရယူနေခဲ့တာပါ။

ကလော့ပ်ရဲ့ အဓိကကြယ်ပွင့် မိုဆာလာဟာ သွင်းဂိုး ၈ ဂိုးထိ ရရှိခဲ့ပြီး သူနဲ့ မာနေးကြား နားလည်မှုတွေက ပိုပြီး ခိုင်မာလာပါတယ်။ ဒီယိုဂို ဂျိုတာနဲ့ ရောဘတ်တို ဖာမင်နိုတို့ နှစ်ဦးကြား ဘယ်သူပဲ ပွဲကစားခွင့်ရရ လီဗာပူးကို အားမနည်းသွားစေခဲ့ပါဘူး။

အသက် ၂၉ နှစ်အရွယ် ဆာလာဟာ ချန်ပီယံလိဂ်ပွဲအဖြစ် ပေါ်တိုကို ရင်ဆိုင်ချိန်မှာ ပေါ်တူဂီအသင်းရဲ့ တန်ပြန်တိုက်စစ်ကို တားဆီးမှု လုပ်ခဲ့ပါတယ်။

“ ဆာဒီယိုက အကြိမ်များစွာ ခုခံကာကွယ်နေခဲ့သလို ကျွန်တော် မိုဆာလာကိုလည်း မချီးကျူးဘဲ မနေနိုင်ပါဘူး။ ကွင်းထဲမှာ မိုက ခံစစ်ကို ပြန်ပြေးဆင်းလာပြီး ဘောလုံးကို ဖျက်ယူသွားတာကို မြင်ရတဲ့အခါ သူက တကယ်ကို ခံစားချက်ကောင်းနေတယ်ဆိုတဲ့ လက္ခဏာပါပဲ။

‘အိုးမိုင်ဂေါ့။ ငါဘာလို့ ခံစစ်ကို ပြေးလာရမှာလဲ”လို့ သူ တွေးနေမှာမဟုတ်ဘူး။ ‘အိုကေ ခံစစ်ကို ကူရလဲ ၊ ပြဿနာမရှိဘူး”လို့ တွေးနေမှာပါ။ ” လို့ ကလော့ပ်က ချီးကျူးခဲ့တယ်။

ဒီပွဲမှာ တွေ့ရမယ့် ထိပ်တန်း နှစ်သင်းကြား စူပါပါဝါ အားပြိုင်မှုတွေမှာ တိုက်စစ်သမားတွေတင် မဟုတ်ဘဲ ဘရာဇီး ဂိုးသမားတွေဖြစ်တဲ့ အယ်လီဆန်နဲ့ အီဒါဆန်၊ ဗဟိုခံစစ်မှူးတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ ရူဘင်ဒီယက်စ်တို့လည်း ပါဝင်နေပါတယ်။

ဒီယက်စ်က လက်ရှိ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုရှင်ဖြစ်ပြီး ဗန်ဒိုက်ကလလည်း ဘလွန်းဒီအောဆု စိန်ခေါ်သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ နောက်ခံလူတွေဟာ နောက်ဆုံးမှာတော့ ပိုပြီး အသိအမှတ်ပြုခံလာရတဲ့သဘောပါပဲ။

“ စိန်ခေါ်မှုတွေ အောင်မြင်ရုံနဲ့ မလုံလောက်ဘူး။ ခံစစ်တစ်ခုလုံးကို စုစည်းရမယ်၊ လျင်မြန်ရမယ်၊ ဘောလုံးထိန်းသိမ်းပုံ ကောင်းရမယ်၊ သန်မာရမယ်၊ နည်းစနစ်ကျရမယ်။ ဗဟိုနောက်ခံလူတွေက ဒီဘက်ခေတ်မှာ ကြောက်စရာကောင်းတဲ့ သားရဲတစ်ကောင်လို ဖြစ်လာပါတယ်။

စီတီးက သူတို့ရဲ့ ခံစစ်လေးယောက်ရဲ့ ရှေ့မှာ နောက်ထပ် ယုံကြည် အားကိုးစရာအဖြစ် ရိုဒရီကို ပိုင်ဆိုင်ထားတယ်။ မနှစ်က ချန်ပီယံလိဂ်မှာ ရိုဒရီ မပါလို့သာ သူတို့ ချယ်ဆီးကို ရှုံးခဲ့တာပါ။ ပွဲကြီးတစ်ပွဲမှာ ဂွာဒီယိုလာ သူ့ကို ထပ်မံချန်ထားတော့မှာ မဟုတ်ဘူး”လို့ ကလော့ပ်က ပြောပါတယ်။

ဂွာဒီယိုလာကလည်း “သူ့လို ကစားသမားက ၂၅ နှစ်ပဲ ရှိသေးပေမယ့် စိတ်အားထက်သန်မှု ကြီးမားပြီး ပြောစကား နားထောင်ချင်စိတ်ရှိတယ်။ ‘ငါပိုကောင်းအောင် လုပ်နိုင်တယ်’ဆိုတဲ့စိတ်မျိုးရှိပါတယ်။ သူကစားခဲ့တဲ့ နောက်ဆုံးပွဲတွေမှာ သူ့ရဲ့ စွမ်းဆောင်မှုတွေက အံ့အားသင့်စရာ ကောင်းခဲ့ပါတယ်။

ကျွန်တော်တို့ ရိုဒရီကို လိုအပ်တယ်။ ဘာလို့လဲဆိုတော့ လီဗာပူးက ခံစစ်ကနေ သူတို့ လှုပ်ရှားမှုတွေနဲ့ နေရာလပ်များစွာကို ဖန်တီးတတ်လို့ပါ။ သူတို့က နေရာအားလုံးမှာ မြင့်မားတဲ့ အရှိန်အဟုန်နဲ့ ကစားတယ်။ ဒါက ယာဂင်ကလော့ပ်ရဲ့ အသင်းပုံစံပါပဲ။ သိပ်ကိုကောင်းတဲ့ အသင်းပါ” လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။