လီဗာပူးဟာ အသင်းရဲ့ ကိုယ်ပိုင် အမြင့်ဆုံး အဆင့်အတန်းကို ရောက်ရှိဖို့ လန်းဆန်းတက်ကြွမှု အနည်းငယ် လိုအပ်နေတယ်လို့ စကိုင်းစပေါ့မှာ ကာရေဂါနဲ့အတူ သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးက ယုံကြည်နေပြီး ကလေ့ပ်နဲ့ အဖွဲ့ဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ လုံလောက်တဲ့ ကောင်းမွန်မှု ရှိနေဆဲဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ မနေ့က မန်စီးတီးနဲ့ပွဲမှာ ပထမပိုင်းအတွင်း စွမ်းဆောင်ရည် ဆိုးရွားခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပြန်လာခဲ့ပြီးတော့ အဆုံးသတ်မှာ ၂ ဂိုးစီ သရေရလဒ် ရရှိခဲ့တာပါ။

လီဗာပူးဟာ သူတို့ရဲ့ ရဲရင့်ကျွမ်းကျင်တဲ့ ဘောလုံးကစားပုံနဲ့ အရှိန်အဟုန် ပြင်းထန်တဲ့ တိုက်စစ်ကြောင့် ကျော်ကြားခဲ့တာဖြစ်ပေမယ့် ပထမပိုင်း ၄၅ မိနစ်အတွင်းမှာတော့ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေခဲ့ကာ အန်ဖီးပရိသတ်တွေ မြင်နေကျ မဟုတ်တဲ့ အဆင့်နိမ့်ပါးမှုမျိုး ဖြစ်နေခဲ့ပါတယ်။

လီဗာပူးရဲ့ မကြာသေးမီက အောင်မြင်မှုမှာ အဓိက ဇာတ်ဆောင်နှစ်ယောက်က အဖွင့်ဂိုးကို ပူးပေါင်းရယူခဲ့တာဖြစ်ပြီး မိုဆာလာဟာ ကျွမ်းကျင်စွာနဲ့ ဆာဒီယိုမာနေးရဲ့ အပြင်းကန်ချက် သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့နောက် သူကိုယ်တိုင် တစ်ကိုယ်တော် စွမ်းဆောင်ရည်နဲ့ အံ့ဩမှင်သက်ဖွယ် ဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့သေးတာ ဖြစ်ပေမယ့် လီဗာပူးဟာ စီးတီးကို ၂ ဂိုးပြန်ပေးခဲ့ရပြီးတော့ သရေတစ်မှတ်သာ ရရှိခဲ့တာပါ။

ကလော့ပ်ရဲ့အသင်းဟာ ၂၀၁၉ မှာ ၉၇ မှတ်ရခဲ့ပြီး ၂၀၂၀ မှာ ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ၉၉ မှတ်နဲ့ ရခဲ့တဲ့ အချိန်တွေတုန်းက သူတို့ရောက်ခဲ့တဲ့ အဆင့်အတန်းနဲ့ အခုအနေအထားက နီးစပ်မှု မရှိဘူးလို့ ဂယ်ရီနဗီးက ထင်မြင်နေတာပါ။

ဒါပေမယ့် ဒါဟာ လီဗာပူးအသင်း ချန်ပီယံဖြစ်ခဲ့စဉ် အဆင့်အတန်းက မြင့်မားလွန်းခဲ့တာကြောင့်သာ ဖြစ်တယ်လို့ နဗီးက ယုံကြည်နေပြီး လက်ရှိ ခြေစွမ်းနဲ့တောင် လီဗာပူးဟာ ပရီးမီးယားလိဂ်ဖလား ထပ်မံကိုင်မြှောက်ဖို့ လုံလောက်တဲ့ အရည်အသွေးရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

“ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် ချယ်ဆီးနဲ့ပွဲ အပြီးမှာ လီဗာပူးက လမ်းကြောင်းမှန်ပေါ် ရှိမနေခဲ့ဘူးလို့ ကျွန်တော် ပြောခဲ့ပါတယ်။ သူတို့က ကောင်းမွန်တဲ့ အဆင့်အတန်းမှာ ရှိနေတုန်းပါ။ ဒါပေမယ့် ပြဿနာက သူတို့ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အင်္ဂလန်ဘောလုံးလောကမှာ သိပ်ကိုမြင်ရခဲတဲ့ အမြင့်မားဆုံး အဆင့်အတန်းဆီ ရောက်ရှိခဲ့တာဖြစ်ပြီး အခုချိန်မှာ အဲ့ဒီ့အဆင့်အတန်းကို မမီနေတာပါပဲ။

ဒီအသင်းက လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်က ဘောလုံးပိုင်ဆိုင်မှု ရရ မရရ အရှိန်အဟုန် ပြင်းထန်စွာနဲ့ ကစားခဲ့တဲ့ အသင်းလိုမျိုး မကောင်းနေဘူးဆိုတာတော့ သံသယဖြစ်စရာ မရှိပါဘူး”လို့ နဗီးက ဆိုပါတယ်။

လီဗာပူးဟာ လွန်ခဲ့တဲ့ ရာသီတွေတုန်းကလိုမျိုး တူညီတဲ့ စွမ်းအင်မျိုး မပြသထားနိုင်ဘူးလို့ နဗီးက ထင်မြင်နေတာပါ။

“ဒါက တူညီတဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုမျိုး မဟုတ်ဘူး။ ဘာလို့လဲတော့ ကျွန်တော်မသိပါဘူး။ တစုံတခုက အနည်းငယ် ပျောက်ဆုံးနေခဲ့တာပါ။ သူတို့တွေ လွန်ခဲ့တဲ့ လေးငါးနှစ်အတွင်း သိပ်ကို အလုပ်ကြိုးစားခဲ့တယ်။ အဲ့ဒါက ထူးချွန်တဲ့ စွမ်းဆောင်မှုမျိုး ဖြစ်ခဲ့ပေမယ့် အခုချိန်မှာ အဲ့ဒီ့အဆင့်အတန်းကို ရောက်ရှိဖို့အတွက် အနည်းငယ် တက်ကြွလန်းဆန်းမှုမျိုး လိုအပ်နေတယ်ထင်ရတယ်။

အခု သူတို့ရဲ့ ခြေစွမ်းအဆင့်အတန်းက ဒီရာသီ ဖလားအောင်မြင်နိုင်တဲ့ အဆင့်မျိုး ရှိတုန်းပါပဲ။ ဒါပေမယ့် အရင်တုန်းက အဆင့်ကိုတော့ မမီဘူးပေါ့။ အဲ့ဒါကြောင့်မို့ပဲ ပထမပိုင်းမှာ စီးတီးကို ယုံကြည်မှုတွေ အများကြီး ရရှိသွားစေခဲ့တာပါ ” လို့ နဗီးက စကိုင်းစပေါ့ကနေ သုံးသပ်ခဲ့တာဖြစ်ပါတယ်။

ရာသီအစ ၇ ပွဲကစားပြီးချိန်မှာ လီဗာပူးဟာ ၁၅ မှတ် ရရှိထားပြီး အဆင့် ၁ နေရာက ချယ်ဆီးနဲ့ ၁ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ နိုင်ငံတကာ သီတင်းပတ်အပြီး အောက်တိုဘာ ၁၆ မှာ ကလပ်ဟာ ဝက်ဖို့ဒ်ဆီ သွားရောက်ကစားရမှာဖြစ်တယ်။

ပြီးရင်တော့ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ အက်သလက်တီကို မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာပါ။ အဲ့ဒီ့ ပွဲကိုတော့ စပိန်မှာ သွားကစားရမှာဖြစ်ပြီး ဒါပြီးရင် ကလော့ပ်နဲ့ အသင်းသားတွေဟာ အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်နဲ့ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။