လီဗာပူးကစားသမားဟောင်း ဘယ်လာမီက သူ့ကို ပွဲကစားခွင့် မပေးခြင်းအတွက် နည်းပြ ကန်နီ ဒဲလ်ဂလစ်ကို ဝေဖန်နေခဲ့လို့ စတီဗင် ဂျရတ်က အဝတ်လဲခန်းအတွင်း ဒေါသတကြီး လာဟောက်ခဲ့ရတဲ့ ဖြစ်ရပ်ကို စတီးဝပ် ဒေါင်းနင်းက Under the Cosh ဆိုတဲ့ အစီအစဉ်ကနေ ဖွင့်ဟလာခဲ့ပါတယ်။

ဘယ်လာမီဟာ အချိန်အတော်ကြာ အရန်ခုံ ထိုင်ခဲ့ရတဲ့ ပွဲတစ်ပွဲအပြီး စိတ်ပျက်နေခဲ့တဲ့အကြောင်းကို ဒေါင်းနင်းက ပြန်လည်ပြောပြခဲ့တာပါ။ စိတ်ဆတ်တဲ့ ကစားသမားအဖြစ် နာမည်ကြီးလှတဲ့ ဘယ်လာမီရဲ့ မန်နေဂျာကို တုန့်ပြန်နေမှုကို လီဗာပူး အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်က ဒေါသတကြီး သတိပေးခဲ့ရတာဖြစ်တယ်။

စတီဗင်ဂျရတ်ဟာ အေးဆေးနေတတ်တဲ့ အသင်းခေါင်းဆောင်ဖြစ်ပေမယ့် လိုအပ်လာရင် အသင်းဖော်တွေကို စိတ်ဓါတ်လုံ့ဆော်ပေးနိုင်မှု၊ အားပေးမှုတွေ၊ သတိပေးမှုတွေ လုပ်ရာမှာလည်း နာမည်ကြီးသူဖြစ်ပါတယ်။

“ အဲ့ဒီ့နေ့ရက်ကို ကျွန်တော် အမြဲအမှတ်ရနေမိတယ်။ အဝတ်လဲခန်းမှာ တစ်ယောက်ယောက်က အမှားလုပ်မိလို့ ဒေါသတကြီး ပြောခံရရင် ငြိမ်ကျသွားလေ့ ရှိပါတယ်။ ဘယ်လာမီလည်း အဲ့လိုမျိုးဖြစ်ခဲ့တာပါ။ ” လို့ ဒေါင်းနင်းက ရှင်းပြပါတယ်။

“ ပွဲတစ်ပွဲ အပြီးမှာ ဘယ်လာမီက ကန်နီ (ဒဲဂလစ်ချ်) ကို ဝေဖန်ခဲ့တာပါ။ အဲ့ပွဲမှာ သူအရန်ခုံ ထိုင်ခဲ့ရတယ်။ ပွဲပြီးတော့ သူ ထလာပြီး ‘ခင်ဗျား ကျွန်တော့်ကို ပေးကစားခဲ့သင့်တယ်။ ကျွန်တော်က အပြေးမြန်တာကိုးဗျ’လို့ ကန်နီကို ပြောလိုက်တော့ ကန်နီက “မင်းပါးစပ်ပိတ်ပြီး သွားထိုင်နေလိုက် ” လို့ ပြောခဲ့တာ။

ပြီးတော့ စတီဗင်ဂျရတ်။ ကျွန်တော် သူ့ကို စသိကတည်း စတီဗင်ဂျရတ် ဒေါသထွက်တာကို နှစ်ခါလားပဲ မြင်ခဲ့ဖူးတာပါ။ သူ အဝတ်လဲခန်းထဲ ဝင်လာပြီးတော့ ဒေါသတကြီးနဲ့ ဘယ်လာမီကို ‘မင်း ေ-ာက်ပါးစပ်ကို ပိတ်ထား’လို့ အော်ပလိုက်တာ။

သူ အဲ့လို အော်လိုက်တော့ ဘယ်လာမီက လုံးဝ ငြိမ်ကျသွားတော့တာပဲ။ ကျွန်တော် အဲ့လိုမျိုး တခါမှ မမြင်ဖူးခဲ့ဘူး။ ဘယ်လာမီက ဘယ်လိုလူလဲဆိုတာ ခင်ဗျားတို့အားလုံး သိပါတယ်။ သူက ရယ်စရာကောင်းတဲ့ အသင်းဖော်ပါ။ ဒါပေမယ့် ဂျရတ်ထံက အဲ့လို အပြောခံလိုက်ရတော့ ဆွံ့အသွားတာ။ ကျွန်တော် ကြည့်ပြီးတော့ စိတ်ထဲမှာ ‘Wow’ ဆိုပြီး ဖြစ်သွားတယ်။

ဘယ်လာမီက တခါတလေ သူပြောခဲ့တဲ့ အရာတွေကို မထိန်းချုပ်နိုင်ခဲ့ဘူး။ စတီဗင်က အဲ့ဒီ့ပွဲအတွက် ပွဲပယ်ခံထားရတယ် ထင်ပါတယ်။ ဒါပေမယ့် သူ အဝတ်လဲခန်းထဲ ဝင်လာပြီး ဘယ်လာမီကို အော်လိုက်တော့ ငြိမ်ကျသွားရော ” လို့ ဒေါင်းနင်းက ပြောပြခဲ့တာ ဖြစ်ပါတယ်။

ကင်နီဟာ ဒုတိယအကြိမ် လီဗာပူးမန်နေဂျာဘဝမှာ ဒေါင်းနင်းနဲ့ ဘယ်လာမီ နှစ်ယောက်ကို ခေါ်ယူခဲ့တာပါ။ ဒေါင်းနင်းက လီဗာပူးအတွက် နှစ်ရာသီ ကစားခဲ့ပြီး ၉၁ ပွဲအတွင်း ၇ ဂိုး သွင်းယူပေးခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ လီဗာပူးကစားသမားဘဝက အရမ်းတော့ မရှည်ခဲ့ဘဲ မန်နေဂျာ ရော်ဂျာ လက်ထက်မှာ ဒေါင်းနင်းက အသင်းပြောင်းခဲ့တာပဲ ဖြစ်ပါတယ်။