လီဗာပူးရဲ့ ကာလရှည်ပစ်မှတ် ဖြစ်သလို ၎င်းရဲ့ ဘရာဇီးအသင်းဖော်၊ လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာကို ကလပ်က နွေတုန်းက ခေါ်ယူလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြောင်း ဖာဘင်ညိုက ဝန်ခံခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ နိုင်ငံတကာအဆင့်မှာ အတူတွဲကစားပြီး ရင်းနှီးခဲ့ကြပေမယ့် ဖာဘင်ညိုက ကလပ်အဆင့်မှာလည်း ရာဖင်ဟာနဲ့အတူ တွဲကစားခွင့်ရဖို့ မျှော်လင်ခဲ့တာပါ။

ဒီလအစောပိုင်းက ဗင်နီဇွဲလားကို ၃-၁ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဖန်တီးမှု ၂ ကြိမ်နဲ့အတူ ဘရာဇီးအတွက် ပွဲဦးထွက်ပေးခဲ့ပြီး သောကြာနေ့ ဥရုဂွေးနဲ့ပွဲမှာလည်း ဖာဘင်ညိုနဲ့အတူ ပွဲထွက်ခွင့်ရမယ့် အသက် ၂၄ နှစ်အရွယ် ရာဖင်ဟာအပေါ် လီဗာပူးဟာ ကာလရှည်ကြာ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ တုန်းက ကိုပါဆော်ပိုလို ယူ ၂၀ ပြိုင်ပွဲမှာ ထူးထူးချွန်ချွန် စွမ်းဆောင်ပြခဲ့ကတည်းက လီဗာပူးက သူ့ကို စောင့်ကြည့်နေတယ်လို့ သိထားရတယ်။ သူ့ရဲ့ ကျွမ်းကျင်မှု၊ အရှိန်အဟုန်၊ ပွဲတွေကကို အဆုံးအဖြတ်ပေးနိုင်စွမ်းနဲ့အတူ ညာတောင်ပံ ကစားသမားဟာ ယာဂန်ကလော့ပ်ရဲ့ တိုက်စစ်အတွက် ပြီးပြည့်စုံစွာ အံဝင်နိုင်မယ့်သူ ဖြစ်ပါတယ်။

“ပရီးမီးယားလိဂ်ကို ရောက်လာပြီးကတည်းက သူက သိပ်ကောင်းတဲ့ စွမ်းဆောင်ရည်တွေနဲ့ စိတ်ဝင်စားစရာတွေကို လုပ်ပြခဲ့တာပါ။ လီဗာပူးက သူ့ကို ခေါ်ယူလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် အဆုံးသတ်မှာ သူက လိဒ်မှာပဲ ဆက်ရှိနေခဲ့တာပါ။

သူက အခုချိန်မှာ လိဒ်ရဲ့ အကောင်းဆုံးကစားသမားပဲ။ သူတို့နဲ့ ရင်ဆိုင်ရတဲ့အခါတိုင်း သူက အန္တရာယ်အပေးနိုင်ဆုံး ကစားသမားဆိုတာ ကျွန်တော်တို့ သိပါတယ် ” လို့ ဖာဘင်ညိုက ပြောဆိုခဲ့တာပါ။

လီဗာပူးဟာ စပို့တင်းနဲ့ ရန်းနက်စ်တို့မှာ ရှိစဉ်ကတည်းက ရာဖင်ဟာရဲ့ တိုးတက်မှုတွေကို စောင့်ကြည့်နေခဲ့တာဖြစ်တယ်။ ပရီးမီးယားလိဂ်က သူ့ရဲ့လုပ်ပြနိုင်စွမ်းတွေအရ တိုက်စစ်သမားဟာ နောက်တဆင့်ကိုတက်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို ဝေဖန်သုံးသပ်သူတွေ၊ ကင်းထောက်တွေနဲ့ နည်းပြတွေကို ယုံကြည်အောင် သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

လိဒ်အတွက် သူဟာ စုစုပေါင်း ၃၈ပွဲမှာ ၉ ဂိုးသွင်း၊ ၉ ဂိုး ဖန်တီးပေးခဲ့ပြီး အဲ့ဒီ့ထဲက ၃ ဂိုးက ဒီရာသီ ၇ ပွဲအတွင်း သွင်းယူနိုင်ခဲ့တာပါ။ တီတီရဲ့ ဘရာဇီးအသင်းထံ ခေါ်ယူခံခဲ့ရတဲ့နောက် သူ့ရဲ့ ပရိုဖိုင်က အဆင့်ပိုမြင့်သွားခဲ့ပြီး အောက်တိုဘာ သီတင်းပတ်အတွင်း စွမ်းဆောင်မှုတွေအရ သူဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ရေရှည်အနာဂတ်ဖြစ်နိုင်ဆဲ ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။

“ သူ့ရဲ့ အကျင့်စရိုက်က သိပ်ကို ထူးခြားပြီး ပြိုင်ဘက်ကင်းတယ်။ အရှိန်မြှင့်တင်ပေးတဲ့ ဘယ်ခြေသန် ကစားသမားတစ်ယောက်ဖြစ်ပြီး အဝင်အထွက်တွေမှာ နှစ်ဖက်လုံးနဲ့ ကစားပြနိုင်ပါတယ်။ ဒါက နိုင်ငံအသင်းအတွက် အရမ်းအရေးကြီးတယ်။ သူက ပင်ကိုယ်အရည်အသွေး များစွာရှိတဲ့ လူတစ်ယောက်ဖြစ်ပြီး အဲ့ဒါက ကျွန်တော်တို့ကို အများကြီး အကူအညီပေးနိုင်တယ်ဆိုတာကို သက်သေပြခဲ့ပြီးပါပြီ”လို့ ဖာဘင်ညိုက ထောက်ခံခဲ့တာပါ။

လီဗာပူးဟာ ဇန်နဝါရီ ဒါမှမဟုတ် နောက်နွေရာသီမှာ တိုက်စစ်ကို အင်အားဖြည့်တင်းမှုတွေ လုပ်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး ရာဖင်ဟာနဲ့အတူ ဒိုကူနဲ့ ဒန်ဂျူမာတို့က ကလပ်ရဲ့ ပစ်မှတ်တွေ ဖြစ်လာနိုင်တယ်လို့ အသံထွက်နေခဲ့တာ ဖြစ်ပါတယ်။