ဒီယိုဂို ဂျိုတာဟာ ဒီရာသီ ကလပ်မှာ ဆုဖလားအောင်မြင်မှုကို မျှော်မှန်းထားသလို လီဗာပူးနဲ့အတူ ပွဲဦးထွက် ရာသီတုန်းကထက် ပိုကောင်းအောင်လုပ်ပြဖို့ ရည်မှန်းထားပါတယ်။

ပေါ်တူဂီ တိုက်စစ်ကစားသမားဟာ မနှစ်က စက်တင်ဘာမှာ ဝုဗ်ကနေ အန်ဖီးကို ပြောင်းရွှေ့လာခဲ့ပြီး ၂၀၂၀-၂၁ ရာသီမှာ လီဗာပူးအတွက် ပွဲ ၃၀ မှာ ၁၃ ဂိုး သွင်းယူပေးခဲ့တာပါ။ သူ့အနေနဲ့ ဒီဇင်ဘာလမှာ သုံးလကြာ အနားယူလိုက်ရတဲ့ ဒဏ်ရာသာ မရခဲ့ရင် သူ့ရဲ့ ပွဲကစားခွင့်နဲ့ သွင်းဂိုးအရေအတွက်တွေက အဲ့ဒီ့ထက် အတော်လေး ပိုများပြားသွားခဲ့မှာပါ။

အနီရောင် နံပါတ် ၂၀ ကစားသမားဟာ ဒီရာသီမှာ ၃ ဂိုး သွင်းယူထားပြီးဖြစ်ပြီး သူကိုယ်တိုင်နဲ့ လီဗာပူးအတွက် ပိုကြီးမားတဲ့ အောင်မြင်မှုတွေ အလိုရှိနေသလို ကြံ့ခိုင်မှုအပြည့်နဲ့ ရာသီတစ်ခုလုံးကို အကောင်းဆုံး ဆက်လက်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။

“မနှစ်က ရာသီက ကောင်းမွန်ခဲ့ပေမယ့် ကျွန်တော် ကြီးမားတဲ့ ဒဏ်ရာတစ်ခုလည်း ရခဲ့တာပါ။ အခု ဒီရာသီမှာတော့ ကျွန်တော်တို့ကို ရပ်တန့်စေမယ့် အတားအဆီး၊ ဒဏ်ရာတွေ တစ်ခုမှမရပဲ ရှေ့ဆက်နိုင်ဖို့ မျှော်လင့်ပါတယ်။

ဆုဖလားအောင်မြင်ဖို့၊ အသင်းကို နိုင်ပွဲတွေပိုရအောင် ကူညီဖို့၊ ပိုကောင်းတဲ့ ကိန်းဂဏန်း အရေအတွက်တွေ ရရှိနိုင်အောင် ကူညီပေးဖို့ မျှော်လင့်ပါတယ်။ ဒါက ကျွန်တော် လိုချင်တဲ့အရာပါပဲ။ ဆုဖလားတွေ အောင်မြင်ချင်ပါတယ်”လို့ ဂျိုတာက ပြောပြခဲ့ပါတယ်။

အခွင့်အရေးတိုင်းကို အသုံးချပြီး တိုးတက်အောင်လုပ်ဖို့ သူ့ရဲ့ ရှိရင်းစွဲ စိတ်ဆန္ဒနဲ့ ပတ်သက်ပြီးတော့လဲ ဂျိုတာက “နေ့တိုင်းက လေ့လာသင်ယူဖို့ အခွင့်အရေးတစ်ခုပဲလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ဟာ အတွေ့အကြုံသစ်တွေ အများကြီး ရလာသလို အဲ့ဒီ့ အတွေ့အကြုံတွေကနေ သင်ယူရပါတယ်။

ဥပမာ မနှစ်က ကျွန်တော် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ကစားနိုင်ခဲ့တယ်။ အဲ့ဒါက ကျွန်တော့်ကစားဘမားဘဝမှာ ပထမဆုံး ကြုံခဲ့ဖူးတာပဲ။ ဒါကြောင့် အဲ့ဒါက လေ့လာသင်ယူဖို့ အခွင့်အရေးပေါ့။ ဒီရာသီမှာလဲ ကျွန်တော်တို့ အဲ့ဒီ့အဆင့်ကို ရောက်ရှိပြီး ပိုကောင်းအောင် လုပ်ပြနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဂျိုတာဟာ လွန်ခဲ့တဲ့ ၁၃ လကျော်အတွင်း ယာဂန်ကလော့ပ်ရဲ့ မတူညီတဲ့ တိုက်စစ်နေရာများစွာမှာ အသုံးချခံခဲ့ရပြီး အဓိကအားဖြင့် တိုတ်စစ်သုံးယောက်ထဲမှာ ပါဝင်ကစားရသလို တခါတရံ တောင်ပံကွင်းလယ်လူအနေနဲ့လဲ ကစားခဲ့ရတာပါ။

အသက် ၂၄ နှစ်အရွယ်ကစားသမာဟာ အသင်းမှာ ဖြစ်နိုင်တဲ့ နေရာပေါင်းစုံကို ကစားပေးခွင့်ရလို့ ပျော်နေပါတယ်။ အခုချိန်မှာ ဗဟိုတိုက်စစ်မှူးအဖြစ် သူ့ကိုယ်သူ သတ်မှတ်ထားလားလို့ မေးမြန်းခဲ့ရာ ဂျိုတာက

“ကျွန်တော်က ကိုယ့်ကိုယ်ကို တိုက်စစ်ကစားသမား တစ်ယောက် အနေနဲ့ပဲ မြင်ပါတယ်။ ကျွန်တော်တို့ ရှေ့တန်း ၃ ယောက်နဲ့ ကစားတယ်။ အဲ့ဒီ့ သုံးနေရာထဲက တစ်နေရာမှာ ကစားရတာ ကျွန်တော့်အတွက် သက်တောင့်သက်သာ ခံစားရတယ်။ ဒါပေမယ့် အကယ်ဒမီမှာတုန်းကလည်း ၁၀ နှစ်၊ ၁၂ နှစ်လောက်ထိ ကွင်းလယ်လူတစ်ယောက် ဖြစ်ခဲ့တာပါ။

ဒါကြောင့် ပွဲအကြောင်းကို ကျွန်တော် နားလည်ပြီး နေရာပေါင်းစုံမှာ ကစားနိုင်တယ်လို့ ထင်ပါတယ်။ ဒါက ကျွန်တော်ရော အသင်းအတွက်ပါ ကောင်းတဲ့အချက်ပါပဲ ” လို့ ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။