ယာဂင်ကလောပ့်ဟာ ဂုဏ်သိက္ခာရှိ ပရီးမီးယားလိဂ် မန်နေဂျာတစ်ယောက်အဖြစ် မေးခွန်းတစ်ခုကို ထုတ်သွားခဲ့ပါပြီ။

အဲ့တာကတော့ လူအခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ကိစ္စတွေမှာ မှတ်တမ်းဆိုးရှိတဲ့ ပုဂ္ဂိုလ်တွေကို ဘာအကြောင်းပြချက်နဲ့ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကို ဝယ်ယူခွင့် ပေးလိုက်သလဲဆိုတာကို အားလုံးသိအောင် ရှင်းပြပေးဖို့ လိဂ်အကြီးအကဲတွေကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဆော်ဒီဟာ လွတ်လပ်စွာ စကားပြောခွင့်၊ ပြင်ပ အလုပ်သမားတွေအပေါ် ဆိုးရွားတဲ့ ဆက်ဆံမှု၊ အမျိုးသမီးတွေကို ဖိနှိပ်ချုပ်ချယ်မှု၊ လိင်မှုရေးရာ ကိစ္စတွေ အစရှိသဖြင့် ကိစ္စများစွာမှာ နာမည်ပျက် ရှိထားတာပါ။ ဒီလို အဖွဲ့တစ်ခုက ကမ္ဘာအကောင်းဆုံး လိဂ်ပြိုင်ပွဲတစ်ခုကို ဝင်ရောက်လာနိုင်ခြင်းဟာ အတော်လေးကို အံ့အားသင့်ဖွယ်ကိစ္စ ဖြစ်နေခဲ့ပါတယ်။

“ ရစ်ချက် မေစတာ (ပရီးမီးယားလိဂ် စီအီးအို) သို့မဟုတ် လိဂ်ရဲ့ တာဝန်ရှိသူ တစ်ဦးဦးက တရားဝင် ရှင်းပြမှု လုပ်လာမှာကို ကျနော် စောင့်နေပါတယ်။ လူ့အခွင့်အရေး ကိစ္စတွေမှာ စိုးရိမ်စရာ ပြဿနာတွေ ရှိထားခဲ့တာကို ကျနေ်ာတို့ အားလုံး သိထားပါတယ်။ ဒါက ရှင်းလင်းတဲ့ ကိစ္စပါ။ ကျနေ်ာတို့ အားလုံး တူညီတဲ့ စောင့်မျှော်မှု ရှိထားပေမယ့်လို့ အခုထိတော့ တရားဝင် မရှင်းပြလာသေးပါဘူး။ ” လို့ ကလော့ပ်က မှတ်ချက်ပေးခဲ့တယ်။

ယာဂင်ကလော့ပ်ဟာ စူပါလိဂ်ကို ပထမဆုံး ကန့်ကွက်တဲ့ မန်နေဂျာတစ်ဦးဖြစ်တယ်။ ဒါပေမယ့်လို့ ထိပ်တန်းအသင်းတွေ စူပါလိဂ်ကို တည်ထောင်ခြင်းဟာ ဘောလုံးလောကရဲ့ မျှတမှုကို ရုပ်ဆိုးစေတဲ့ကိစ္စအဖြစ် လိဂ်တာဝန်ရှိသူတွေက ကန့်ကွက်ပြီး သမိုင်းကြောင်း မကောင်းတဲ့ ဘီလျံနာတွေကို လိဂ်ကလပ်တစ်သင်း ဝယ်ယူခွင့်ပေးခြင်းကိုတော့ ခွင့်ပြုပေးတဲ့ လုပ်ရပ်က ဘာကြောင့်လဲဆိုတာကို ကလော့ပ်က မေးခွန်းထုတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

နယူးကာဆယ်ရဲ့ ပိုင်ရှင်သစ်တွေဖြစ်တဲ့ ဆော်ဒီအဖွဲ့ဟာ ပရီးမီးယားလိဂ်ကလပ် ၁၉ သင်းပေါင်းထက်ကို အဆပေါင်းများစွာ ချမ်းသာပါတယ်။ ဒါကြောင့် အနာဂတ်မှာတော့ မန်စီးတီး၊ ပီအက်စ်ဂျီတို့ထက် ပိုမို ကြမ်းမယ့် ကလပ်တစ်သင်း မွေးဖွားလာတော့မှာပါ။

ကလော့ပ်ကပဲ ” ဘောလုံးလောကအတွက် ဒါက ဘာအဓိပ္ပာယ် သက်ရောက်မလဲ? ကုန်ခဲ့တဲ့ လအနည်းငယ်တုန်းက ကလပ် ၁၂ သင်းဟာ စူပါလိဂ်ပြိုင်ပွဲကို တည်ထောင်လို့ဆိုပြီး ဘောလုံးလောက တစ်ခုလုံး ပြဿနာကြီးတွေ တက်ခဲ့ကြတာကို မှတ်မိကြမယ် ထင်ပါတယ်။

စူပါလိဂ်က ဖြစ်မလာခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ စူပါအသင်းတစ်သင်း ပေါ်ထွက်လာပါပြီ။ ဒီကနေ့တွေမှာ ဘဏ္ဍာရေးဆိုင်ရာ ဟန်ချက်ညီမှုဆိုတဲ့ စည်းမျဉ်းကကော ရှိသေးရဲ့လား? ဘယ်သူမှလည်း မသိပါဘူး။

နယူးကာဆယ် ပရိသတ်တွေကတော့ ပိုင်ရှင်သစ်ရတာကို နှစ်သက်ပါမယ်။ ဒါပေမယ့် ကျနေ်ာတို့လို ကျန်တဲ့ ပြိုင်ဘက်တွေအတွက်တော့ နယူးကာဆယ်မှာ စူပါပါဝါ အင်အားကြီးတစ်ခု ဝင်ရောက်လာတာပါပဲ။ ဒါကို ကျနေ်ာတို့ ရှောင်လို့ မရတော့ပါဘူး။

ပိုက်ဆံနဲ့ အရာအားလုံးကို ဝယ်လို့တော့ မရပါဘူး။ ဒါပေမယ့်လို့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို မှန်ကန်အောင် လုပ်သွားဖို့တော့ ပိုက်ဆံနဲ့ လုပ်လို့ ရပါလိမ့်မယ်။ ရေရှည်မှာတော့ သူတို့ ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာမှာပါ။

လူတိုင်း ဒါကိုသိတယ်။ ပရီးမီးယားလိဂ်ကလည်း ဒါကိုသိပေမယ့် ခွင့်ပြုလိုက်ကြပါတယ်။ အကယ်လို့ နယူးကာဆယ် ပိုင်ရှင်တွေက လုံလောက်စွာ စိတ်ရှည်ပေးမယ်ဆိုရင် လာမယ့် ၅ နှစ်ကနေ ၇ နှစ်အတွင်းမှာ နယူးကာဆယ်က စူပါအင်အားကြီးကလပ် ဖြစ်လာလိမ့်မယ်။ သူတို့ ပရီးမီးယားလိဂ်တစ်ခုလုံး ဝယ်လို့ရအောင်ကို လုံလောက်တဲ့ ပိုက်ဆံရှိပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။