လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၈ အဖြစ် ဝက်ဖိုဒ့်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ ဖာမင်နိုရဲ့ သွင်းဂိုး ၃ ဂိုး၊ ဆာလာ၊ မာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၅-၀ ဖြင့် အနိုင်ရခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်မှာ မီလ်နာနဲ့ ကိတ်တာကို ဟန်ဒါဆန်နဲ့ တွဲပေးခဲ့ပြီး တိုက်စစ်မှာ ဒီရာသိ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ဂျိုတာအစား ဖာမင်နိုကို ထည့်ခဲ့တာကလွဲရင် ကျန်နေရာတွေမှာ အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ပါတယ်။

ပွဲစကတည်းက လီဗာပူးက ဘောလုံးပိုင်ဆိုင်မှုကို ရယူရေး ကြိုးစားခဲ့ကာ အဆိုပါ ကြိုးစားမှုက ပွဲပြီးတဲ့ထိ ဆက်တိုက် လုပ်နိုင်ခဲ့တယ်။ ဟန်ဒါဆန်ကို နံပါတ် ၆ နေရာ အထိုင်ထားပြီး မီလ်နာကို ကွင်းလယ်မှာ ထည့်ကစားခြင်းကြောင့် အသင်းရဲ့ ကစားပုံက လေးလံသွားမယ်လို့ စိုးရိမ်ခဲ့ကြပေမယ့် မီလ်နာကြောင့်ပဲ လီဗာပူးကစားပုံက ပိုမို သွက်လက် တက်ကြွနေခဲ့တာဖြစ်ပါတယ်။

ဆာလာရဲ့ တိုင်ထိဘောနဲ့ ပွဲကို စတင်ခဲ့ကာ အသင်းဟာ ဘောလုံးပိုင်ဆိုင်ချိန်မှာ ခပ်မြန်မြန် ရွှေ့လျားကစားမှုတွေ၊ တောင်ပံ တစ်ဖက်ကနေ တစ်ဖက်ကို ဆင့်ကာဆင့်ကာ ချိတ်ဆက် ကစားမှုတွေမှာ ချောချောမွေ့မွေ့ လုပ်နိုင်ခဲ့တယ်။ ဖာမင်နို အစောပိုင်းမှာ အပေးမှားမှုတွေ မကြာခဏ ရှိခဲ့ပေမယ့် သူပါဝင်ခြင်းက တိုက်စစ်ကို ပိုမို ခြိမ်းခြောက်မှု များစေခဲ့ပါတယ်။

အဖွင့်ဂိုးကတော့ ဒီနေ့ပွဲရဲ့ ချွင်းချက်မရှိ အကောင်းဆုံး ကစားသမားဖြစ်သူ ဆာလာက ဝက်ဖိုဒ့် ဂိုးသမား ကန်တင်ပေးမှုကို မာတစ် ခေါင်းတိုက်ပေးတဲ့ ဘောအား second ball ရယူမှုအဖြစ် တစ်ချက်လှည့်ပြီး လွှတ်ထွက်အောင် ကြိုးစားခဲ့ကာ မာနေးကို သပ်သပ်ရပ်ရပ် ခင်းပေးခဲ့တာဖြစ်တယ်။ ကွင်းတစ်ဝက်ကနေ ခင်းပေးတဲ့ ဘောလုံးကို မာနေးကလည်း အကောင်းဆုံး အဆုံးသတ်ပြီး သူ့ရဲ့ ပရီးမီးယားလိဂ် ဂိုး ၁၀၀ မြောက်ကို ရယူပါတယ်။

ဒုတိယဂိုးကတော့ အသင်းလိုက်ဂိုး ပိုဆန်ခဲ့ပြီး မီလ်နာ၊ မာနေး၊ ဖာမင်နိုတို့ တွဲဘက်ကစားနိုင်မှုကနေ ဖာမင်နိုကပဲ အသာအယာ ပိတ်သွင်းခဲ့ပါတယ်။ ကွင်းတဝက်ကနေ တိုက်စစ်လိုက်ခဲ့တဲ့ မီလ်နာဟာ ဘယ်ခြမ်း ဧရိယာကိုပါ ဝင်ရောက်ခဲ့ပြီး လူကျွံဘော မဖြစ်အောင် အကောင်းဆုံး အနိမ့်ဖြတ်တင်ဘော လုပ်ပေးခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ လီဗာပူးရဲ့ ဘောလုံးပိုင်ဆိုင်မှုက ၈၄% ထိ ရှိခဲ့ပြီး သွင်းဂိုး ၂ ဂိုး ရခဲ့တာကြောင့် ထိရောက်တဲ့ ပိုင်ဆိုင်မှုကို ထိန်းချုပ်ကစားနိုင်ခဲ့ခြင်းလို့ ဆိုရမှာဖြစ်တယ်။

ဒုတိယပိုင်းမှာလည်း ပွဲစစချင်းမှာပဲ မာနေးရဲ့ ဖိအားပေးမှုကနေ ရော်ဘတ်ဆန်ရဲ့ ဧရိယာထဲ တစ်ဆင့်ပြန် ခင်ပေးမှုက ဆာလာ ကန်ခွင့်ရခဲ့ပြီး ပြန်စင်ထွက်မှုကို ဖာမင်နို ထပ်မံ ပိတ်သွင်းပါတယ်။ စတုတ္ထဂိုးကတော့ ဆာလာ သွင်းယူခဲ့ခြင်းဖြစ်ပြီး မန်စီးတီးပွဲတုန်းက သူသွင်းခဲ့တဲ့ ဂိုးနဲ့ ခပ်ဆင်ဆင်မျိုးဖြစ်ပါတယ်။ ဝက်ဖိုဒ့် အသင်းသားတွေကို လှိမ်ခေါက်ခဲ့ပြီး ဂိုးသမားရဲ့ ညာဘက် ဒေါင့်ကိုပဲ ကန်ထည့်သွားတာပါ။

ဒီပွဲမှာ လီဗာပူးအသင်းသားတွေက အထနှေးမနေသလို တိုက်စစ်သမားတွေကလည်း အခွင့်အရေးရဖို့ အာရုံစူးစိုက်မှုအပြည့် ကစားခဲ့ကြတာဖြစ်ပါတယ်။

မိနစ် ၆၀ အကျော်မှာတင် ပွဲက ပြီးသလောက် ဖြစ်နေခဲ့တာကြောင့် မန်နေဂျာကလော့ပ်က ဘယ်အစွန် ညာအစွန်တွေ နေရာမှာ နီကိုးနဲ့ ကိုစတက်တို့ကို ထည့်ကစားခဲ့တယ်။ အဲ့နောက်ပိုင်းမှာ လီဗာပူးကစားပုံက နည်းနည်းချင်း ငြိမ်ကျလာခဲ့ပြီး ရံဖန်ရံခါ ခံစစ်မှာပါ ဆင်းကစားရတာတွေ ရှိနေပါတယ်။ ဒါပေမယ့်လို့ အရမ်းတော့ အန္တရာယ် မများခဲ့ပါဘူး။

နောက်ဆုံး သွင်းဂိုးကတော့ ညာခြမ်းကနေ နီကိုး ခပ်မြန်မြန် ပြေးလွှားပြီး ဖြတ်တင်ပေးမှုကို ဖာမင်နိုက အဆုံးသတ်ပြီး သူ့ရဲ့ hat-trick ဂိုးကို ရယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဆာလာဟာ ကမ္ဘာအကောင်းဆုံး ကစားသမားလား? ဆိုတဲ့ မေးခွန်းတွေနဲ့ ဟုတ်ကြောင်း ထောက်ခံချက်တွေဟာ သုံးသပ်သူတွေကြားမှာ ဗလောင်ဆူနေခဲ့တာကို မြင်နေရပြီဖြစ်ပါတယ်။