ဝက်စ်ဟမ်းကို ၃-၂ နဲ့ ရှုံးခဲ့တဲ့ လီဗာပူးပွဲအပြီး ဂျေမီကာရေဂါက လီဗာပူးအသင်း ခွင့်ပြုခဲ့ရတဲ့ ၃ ဂိုးလုံးက ဂိုးသမားအမှားနဲ့ မကင်းဘူးဆိုပြီး အယ်လစ်ဆန်ကို ဝေဖန်ခဲ့ပါတယ်။

အယ်လစ်ဆန်ဟာ ပွဲအစ ၄ မိနစ်မှာတင်ပဲ ပက်ဘလို ဖော်နယ်ရဲ့ ထောင့်ကန်ဘောကို ဖမ်းဖို့ကြိုးစားရင်း တိုက်ရိုက် ဘောလုံးဝင်တဲ့ အနေအထားဖြင့် ပွဲကို အဆိုးရွားဆုံးပုံစံနဲ့ စတင်ခဲ့တာပါ။

ပထမပိုင်း ပွဲချိန်နှောင်းပိုင်းမှာ အံ့အားသင့်စရာ ဖရီးကစ်နဲ့အတူ ထရန့် အလက်ဇန္ဒါး-အာနိုးက ချေပဂိုး သွင်းယူပေးခဲ့ပေမယ့် နောက်ဆုံး ၁၅ မိနစ်အတွင်း ဖော်နယ်နဲ့ ကတ်ဇူးမားတို့က ၇ မိနစ်ပဲခြားပြီး ဝက်စ်ဟမ်းအတွက် အနိုင်ဂိုးတွေကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အိုရီဂီနဲ့ ၈၃ မိနစ် သွင်းဂိုးကတော့ လီဗာပူးအတွက် နှစ်သိမ့်စရာသာ ဖြစ်ခဲ့ပြီး ပွဲပြီးရလဒ်ကြောင့် ဧည့်သည့်အသင်းရဲ့ ပရီးမီးယားလိဂ် ရှုံးပွဲမရှိ ရာသီအစက အဆုံးသတ်သွားခဲ့တာပါ။

ကာရေဂါကတော့ နိုင်ပွဲနဲ့အတူ အဆင့် ၃ နေရာ တက်လှမ်းလာတဲ့ ဒေးဗစ်မိုယက်စ်ရဲ့ အသင်းကို ချီးကျူးခဲ့ပေမယ့် လီဗာပူးရဲ့ အသက်မပါတဲ့ ခံစစ်ကစားပုံကို ဝေဖန်ခဲ့ပြီး အထူးသဖြင့် ဂိုးတိုင်ကြားထဲက အယ်လစ်ဆန်ရဲ့ အကူအညီမဖြစ်ခဲ့တဲ့ စွမ်းဆောင်ရည်ကို ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

ဖော်နယ်ရဲ့ ၆၇ မိနစ် သွင်းဂိုး replay ကို ကြည့်ရှုပြီးတော့ လီဗာပူးဗဟိုနောက်ခံလူဟောင်းက “အိုး။ အဲ့ဒီ့ဘောလုံးကို သူဖမ်းမိခဲ့ရမှာ။ သုံးဂိုးလုံးမှာ သူ ပိုပြီး ကောင်းကောင်း လုပ်ခဲ့သင့်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ လီဗာပူးက ခံစစ်မှတ်တမ်း သိပ်ကောင်းတဲ့ အသင်းတစ်သင်းပါ။ ခုလိုမျိုး ဆိုးဆိုးရွားရွား ဂိုးတွေ ပေးလိုက်ရတာကို ကျွန်တော် နားလည်ဖို့ တော်တော်ခက်နေတယ်။

အဲ့ဒီ့လိုအခိုက်အတန့်တွေမှာ ကိုယ့်နေရာမှာပဲ ကိုယ်နေရင် ဘာရမှာလဲဗျာ။ ဟုတ်တယ် မာတစ်က ဘောလုံးဆီ သွားခဲ့တယ်။ ဒါပေမယ့် ဗန်ဒိုက်ဆိုရင် ဘောလုံးကို ဖျက်ထုတ်လုယူဖို့ မကြိုးစားပဲ အသာကြည့်နေသလို ဖြစ်နေတယ်။ အဲ့ဒီ့မှာ ဖြစ်သွားနိုင်တဲ့အရာ နှစ်ခုပဲရှိတယ်။ သူတို့ကို လူကျွံဘောဖမ်းရင်ဖမ်း မဟုတ်ရင် သူတို့က ဂိုးရှေ့ကို ပြေးသွားလိမ့်မယ်။ ကျွန်တော့်အမြင်မှာတော့ လီဗာပူးက မျှတတဲ့ တိုက်ခိုက်မှု မလုပ်ခဲ့ပါဘူူး။

‘မင်းတို့သိလား၊ ငါဆိုရင် အနောက်ကိုပြန်ပေးမှာ’လို့ ကျွန်တော် စဉ်းစားနေတယ်။ လူကျွံဘောမဖမ်းရင် ဘာရမှာလဲ။ ဘာမှမရဘူး။ ကျွန်တော်တို့ ဂိုးပေါက်နဲ့ ကိုက် ၆၀ အကွာကနေ ဘောလုံးရအောင်ယူ မဟုတ်ရင် သူတို့က ဂိုးသမားဆီအထိ ရောက်အောင် ပြေးသွားကြတာပဲ။

လီဗာပူးက အဲ့ဒီ့လို ဆိုးဆိုးရွားရွားတွေ အရမ်းလုပ်တယ်။ လီဗာပူးလိုအသင်းနဲ့ ရင်ဆိုင်ရရင် ပြိုင်ဘက်က ဂိုးသမားဆီပဲ ရောက်အောင် ပြေးသွားလိမ့်မယ်လို့ ခံစားနေရတယ် ” လို့ ပြောဆိုခဲ့ပါတယ်။