ဒီကနေ့ည မြန်မာစံတော်ချိန် ၁း၃၀ နာရီမှာတော့ အိုးထရတ်ဖိုဒ့်ကွင်းမှာ ယူနိုက်တက်နဲ့ လီဗာပူးတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

ဒီရာသီစ နိုင်ပွဲမရသေးတဲ့ နှစ်သင်း၊ ဖိအားကြီးတွေ စတင်ရှိလာနေတဲ့ နှစ်သင်း ထိပ်တိုက်တွေ့တဲ့ပွဲဖြစ်ပါတယ်။ လီဗာပူးအတွက်က ဆုဖလား မျှော်မှန်းဖို့ဆိုရင် ဒီပွဲမှာ အနိုင် ၃ မှတ် ယူကို ယူရမှာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်ကလည်း ရာသီစ ၃ ပွဲလုံးကို အရှုံး၊ မဟာပြိုင်ဘက်ကို အိမ်ကွင်းမှာ အရှုံးဆိုတာကို လုံးဝ လက်ခံမှာ မဟုတ်ပါဘူး။

မျှော်လင့်ထားတာထက် အကျိတ်အနယ် ဖြစ်သွားနိုင်တဲ့ ပွဲတစ်ပွဲပဲ ဖြစ်ပါတယ်။

Team News

  • ကွင်းလယ်လူ ဟန်ဒါဆန်နဲ့ ခံစစ်မှူး ဂိုးမက်စ်တို့ ကြံ့ခိုင်မှု ပြည့်နေပါပြီ။
  • ဖာမင်နို လေ့ကျင့်ရေး ပြန်ဝင်ထားပြီး ပွဲထွက်က ပါဝင်နိုင်ပါတယ်။
  • ဒဏ်ရာရ အသင်းသား ၉ ဦးစာရင်းမှာ ဂျိုတာ၊ မာတစ်တို့ ပါဝင်နေဆဲပါ။

Liverpool’s XI vs. Man United

ဒီပွဲမှာတော့ ကလော့ပ်က မေးခွန်းအချို့ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဓိက မေးခွန်းကတော့ ဒီပွဲမှာ ကိတ်တာကို ထုတ်သုံးမလား ဆိုတာပါပဲ။ စကိုင်းဂျာမနီ သတင်းထောက်ရဲ့ ဖော်ပြမှုအရ ဒီပွဲမှာ ပွဲထွက်လူစာရင်းက ပါဝင်ခွင့်မရဘူးဆိုရင် ကိတ်တာဟာ ဒီနွေမှာပဲ အသင်းကနေ ထွက်ခွာနိုင်ပါတယ်။

ဂိုးသမားအဖြစ် အယ်လီဆန် ပွဲထွက်လာမှာဖြစ်ပြီး ဗဟိုခံစစ်အထိုင်က ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ ဖြစ်လာပါလိမ့်မယ်။ ဒီပွဲမှာ ထရန့်က ကြံ့ခိုင်မှု ပြည့်နေမှာဖြစ်ကာ ပဲလေစ့်ပွဲတုန်းက လူစားလဲခံရတဲ့ ရိုဘိုကလည်း ဘယ်ခြမ်းအစွန်ကနေ ပါဝင်နိုင်ဖို့ ရှိနေပါတယ်။

ကွင်းလယ်မှာတော့ နည်းနည်းရွေးချယ်စရာတွေ ရှိနေပြီး ဖာဘင်ညို၊ ဟန်ဒါဆန်၊ ကိတ်တာ၊ ဟာဗေးတို့ ၄ ဦးရှိနေသလို ၄ ဦးလုံးကလည်း ပွဲထွက်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ဖာဘင်ညို၊ ဟန်ဒါဆန်၊ ဟာဗေး အတွဲဖြစ်နိုင်သလို ဖာဘင်ညို၊ ကိတ်တာ၊ ဟန်ဒါဆန်အတွဲလည်းဖြစ်နိုင်ပါတယ်။ ဖာဘင်ညိုကို ချန်လှပ်ပြီး ဟန်ဒါဆန်ကို ကိတ်တာ၊ ဟာဗေးနဲ့လည်း တွဲပေးနိုင်ပါတယ်။

ကွင်းလယ် သုံးယောက်တန် ဘယ်သူတွေကို သုံးမလဲဆိုတာကလွဲလို့ အခြားနေရာတွေမှာ ရွေးချယ်စရာ အထွေအထူးမရှိပါဘူး။ တိုက်စစ်က ဒီယက်စ်၊ ဆာလာ၊ ဖာမင်နိုတို့ပဲ ရှိပါလိမ့်မယ်။

အရန်စာရင်းမှာတော့ ကာဗာရို၊ မီလ်နာ၊ ကိုစတက်၊ နက်ဖီးလစ်၊ ဗန်ဒန်ဘတ်အပြင် ဘာ့ဆဲလ်တစ်နဲ့ ကလက်တို့ ပါဝင်လာနိုင်ပါတယ်။

လီဗာပူးအသင်းဟာ ရာသီအစ ၂ ပွဲလုံးမှာ နိုင်ပွဲမရသေးပါဘူး။ ဒီတစ်ကြိမ် ယူနိုက်တက်ကို ရင်ဆိုင်ရာမှာ အနိုင် ၃ မှတ်ရဖို့လိုအပ်ပြီး ရလဒ်ကောင်း မရခဲ့ရင်တော့ အသင်းနဲ့ အနီးတဝိုက်မှာ ဆိုးရွားတဲ့ မုန်းတိုင်ငယ်တစ်ခု ဖြစ်ပေါ်လာနိုင်တာဖြစ်ပါတယ်။