ကာရာဘောင်းဖိုင်နယ်မှာ လီဗာပူးကို အရေးနိမ့်ခဲ့တဲ့နောက် နည်းပြပိုချက်တီနိုကို ရာထူးကနေ ထုတ်သင့်ပြီလို့ ချယ်ဆီးပရိသတ်တွေက တုန့်ပြန်လာပြီဖြစ်ပါတယ်။

ဒီရာသီ အနိမ့်အမြင့်တွေ အများကြီး ရင်ဆိုင်နေရတာကို ချယ်ဆီးပရိသတ်တွေ သည်ခံနိုင်ခဲ့ပေမယ့် မနက်က ဖိုင်နယ်ပွဲမှာ အကယ်ဒမီ ကစားသမား အများအပြားတဲ့ လီဗာပူးအသင်းကို အောက်ကနေ ကစားခဲ့ပြီး ရှုံးပါရှုံးခဲ့ချိန်မှာ ဒေါသတွေက အပြင်ဘက်ကို ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီး ပရိသတ် တစ်ဦးက “ ဒီဖလားကို လက်လွတ်ပြီးတည်းက ပိုချက် ထုတ်ခံရသင့်ပါပြီ ” လို့ ဝေဖန်ခဲ့တယ်။ အခြားတစ်ဦးကလည်း “ ပိုချက် ထုတ်ခံရသင့်ပါတယ်။ သူက ကိုဟမ်ကိုတောင် ပြန်ရောက်မလာသင့်တော့ပါဘူး ” လည်း ဆိုခဲ့တာပါ။

နောက်ထပ် ပရိသတ်တွေကဆိုရင် ” ကွင်းထဲက မထွက်ခင်ကို ပိုချက်တီနိုကို ထုတ်ပြီလို့ ချယ်ဆီးတို့ ကြေညာခဲ့သင့်တာ။ သူ့ရဲ့ နည်းပြဘဝ ရှက်စရာအကောင်းဆုံး ရလဒ်ပဲ ဖြစ်လိမ့်မယ် ” လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးပရိသတ်တွေကပဲ အရင်ပိုင်ရှင် ရိုမန် အေဘရာမိုဗစ် လက်ထက်ဆိုရင် အခုထက် ပိုရက်စက်တဲ့ ကိုင်တွယ်မှုတွေ ရှိနေမှာဖြစ်ပြီး အချိန်ပိုတောင် မရောက်ဘဲ ပိုချက်တီနိုကို ထုတ်ပြီးနေလောက်ပြီလို့ ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

ပွဲကြည့်စင်ပေါ်မှာ ဒုတိယဆု တက်ယူခဲ့ချိန် နည်းပြပိုချက်တီနိုဟာ ချယ်ဆီးပိုင်ရှင် တော့ဘိုးလေကို လက်ဆွဲနှုတ်ဆက်ခဲ့ခြင်း မရှိတာကလည်း အကွဲအပြဲတစ်ခု စတင်တော့မလား ဆွေးနွေးမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။