အက်ဖ်အေပွဲကြို မီဒီယာတွေ့ဆုံမှုမှာတော့ သတင်းသမားတွေက လီဗာပူးအသင်း ကာရာဘောင်းချန်ပီယံ ဖြစ်သွားခြင်းအတွက် ထင်မြင်ချက်ပေးဖို့ ဂွာဒီယိုလာကို မေးမြန်းခဲ့ကြပါတယ်။

ဂွာဒီယိုလာက ဖိုင်နယ်ရောက် နှစ်သင်းနဲ့တကွ ပွဲကောင်းတစ်ပွဲအတွက် ဂုဏ်ပြုကြောင်း ပြောဆိုပေမယ့် ဒီဖလားက အဲ့လောက်ကြီး စကားထဲ ထည့်ပြောနေရမယ့် ဖလား မဟုတ်ဘူးလို့ ပြောလာပါတယ်။

“ အင်္ဂလန်ကို ကျနော် ရောက်လာတော့က သတိပေးခံရတာကို မှတ်မိတယ်။ ကာရာဘောင်းဖလားလား? သိပ်ပြီး အာရုံထားမနေပါနဲ့ကွာ၊ လူငယ်တွေပဲ ထည့်ကန်ပါ၊ ဒီဖလား ဘယ်သူမှ ဂရုစိုက်မနေဘူး ” လို့ သတိပေးခံရကြောင်း ဂွာဒီယိုလာက ပြောလာပါတယ်။

သူကပဲ “ ဆာအဲလက်စ်ကလည်း ဒီဖလားက အရေးမကြီးပါဘူးလို့ ပြောခဲ့သေးတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ ဒီဖိုင်နယ်က တကယ့် ဖိုင်နယ်ပွဲလို ဖြစ်လာခဲ့တယ်။ ကိုယ်ပြိုင်ရတာ ကာရာဘောင်းဖလား တကယ့်ဖလားပွဲကြီးလားတောင် မသေချာတော့ပါဘူး။ ဒါက အမှန်တရားပါပဲ ” လို့ ဆက်ပြောခဲ့ပါတယ်။

မန်စီးတီးဟာ ကာရာဘောင်းဖလားကို ၄ ကြိမ်ဆက်တိုက် အောင်မြင်ခဲ့ပေမယ့် ၂၀၂၁ နောက်ပိုင်း ဖိုင်နယ်ကို ရောက်မလာတော့ပဲ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်တွေကိုပဲ အာရုံစိုက်လာတော့တာဖြစ်ပါတယ်။