ယူနိုက်တက်ကသာ အဲရစ်တန်ဟက်ကို ထုတ်ပယ်ပြီး အာတီတာကို ချိတ်ဆက်မယ်ဆိုရင် စပိန်သား နည်းပြဟာ အိုးထရတ်ဖိုဒ့်ကို ပြောင်းလာပါလိမ့်မယ်လို့ ရီယို ဖာဒီနန်က ပြောလာခဲ့ပါတယ်။

၂၀၁၉ ဒီဇင်ဘာမှာ အာဆင်နယ်ကို နည်းပြအဖြစ် အာတီတာ စတင် တာဝန်ယူလာခဲ့ပြီးနောက် ဂန်းနားတွေဟာ အက်ဖ်အေဖလား အောင်မြင်ထားပါတယ်။ မနှစ်ကနဲ့ ဒီရာသီမှာဆိုရင် ပရီးမီးယားလိဂ်ကို စိန်ခေါ်လာနေတာပါ။

အသက် ၄၁ နှစ်အရွယ် နည်းပြဟာ အခုချိန်ထိ အခြားအသင်း တစ်သင်းထံ ပြောင်းမယ်လို့ အသံမထွက်သေးပေမယ့် ယူနိုက်တက်က ခေါ်ယူလိုရင် အနာဂတ်ကို စဉ်းစားသွားမယ့်သူပါလို့ သရဲနီဟောင်း ကပြောလာခဲ့ပါတယ်။

ဖာဒီနန်ကတော့ “ ယူနိုက်တက်ကို ပြောင်းလာဖို့ အာဆင်နယ်ကို အာတီတာ စွန့်ခွာမှာ ၁၀၀% သေချာပါတယ်။ အဲ့လိုဖြစ်လာမယ်လို့ ဘယ်သူမှတော့ မပြောပါဘူး။

ဒါပေမယ့် ယူနိုက်တက်က တန်ဟက်နဲ့ လမ်းခွဲပြီး အသင်းအတွက် အာတီတာကို ထိပ်တန်း ပစ်မှတ်အဖြစ် ရည်ရွယ်မယ်ဆိုရင်၊ အာတီတာက ‘ဒီလိုပြောရတာ စိတ်မကောင်းပေမယ့် ကျနော် ထွက်တော့မယ်’ ဆိုပြီး အပြေးလာမှာပါ ” လို့ မှတ်ချက်ပေးခဲ့တာပါ။

ယူနိုက်တက်ဟာ ဒီရာသီမှာ ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်ဖို့ အခွင့်အရေး နည်းပါးပေမယ့်လို့ အဆင့် ၅ နေရာနဲ့အတူ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ၁ နေရာအတွက် မျှော်လင့်လို့ ရနေဆဲပဲ ဖြစ်ပါတယ်။