လီဗာပူးအသင်းဟာ ကာရာဘောင်းဖလား အောင်မြင်ခဲ့ပြီမို့ ရာသီကုန်ရင် အမိုးဖွင့်ကားနဲ့အတူ မြို့ထဲ လှည့်လည်ကာ ပရိသတ်တွေကို နှုတ်ဆက်ခွင့်ရအောင် ဖိတ်ခေါ်ဖို့ စီစဉ်လာပါတယ်။

ကလပ်ရဲ့ ထိပ်ပိုင်းအကြီးအကဲတွေကြား ဆွေးနွေးမှု စတင်နေပြီဖြစ်ကာ မေလအကုန် အန်ဖီးကနေ ထွက်တော့မယ့် ဂန္တဝင်နည်းပြကြီးကို အကောင်းဆုံး နှုတ်ဆက်ဖို့ အစီအစဉ်တွေကို ရှာဖွေနေပါတယ်။

လီဗာပူးအသင်းဟာ လိဂ်ဖလား အောင်မြင်မှုအတွက် အမိုးဖွင့်ကားနဲ့အတူ အောင်ပွဲခံတာမျိုး လုပ်ဖူးခြင်း မရှိပါဘူး။ ချန်ပီယံလိဂ်၊ အက်ဖ်အေနဲ့ အမှတ်ပေးဖလားလို ဆုဖလားကြီး အောင်မြင်မှုတွေအတွက်ပဲ အောင်ပွဲခံလေ့ရှိတာပါ။

ဒါပေမယ့်လို့ ကလော့ပ် ထွက်ခွာမယ့် ကိစ္စမှာ ပရိသတ်တွေများစွာကို နှုတ်ဆက်ခွင့်ပေးဖို့ ဒီတစ်ကြိမ်က အခွင့်အရေး ဖြစ်ပါတယ်။ ဒါကြောင့် မြို့ကောင်စီထံက ခွင့်ပြုမိန့်ရဖို့လည်း အခုတည်းက ကြိုတင်လုပ်ထားလိုတဲ့ သဘောဖြစ်ပါတယ်။

၂၀၁၅ မှာ ကလပ်ကို ရောက်လာတဲ့ နည်းပြကလော့ပ်ကို အန်ဖီးကွင်းအတွင်း ပရိသတ် ၆၀၀၀၀ လောက်နဲ့တင် နှုတ်ဆက်ခြင်းထက် ၂၀၁၉ တုန်းက လီဗာပူးမြို့ လမ်းမတွေက ပရိသတ် ၇၅၀၀၀၀ ကို နှုတ်ဆက်မှုလို အကန့်အသတ် မထားတဲ့ ဂုဏ်ပြုမှုမျိုး အသင်းဘက်က လုပ်ပေးလိုနေပါတယ်။

အခုကနေ မေလအတွင်း အသင်းဟာ ဆုဖလားပြိုင်ပွဲ ၃ ခုမှာလည်း ပါဝင်ယှဉ်ပြိုင်နေသေးပေမယ့် ဘာတွေပဲဖြစ်လာလာ ဒီအောင်ပွဲခံမှုကို လုပ်ဆောင်သွားဖို့ ဆုံးဖြတ်လာဖွယ် ရှိနေတယ်။

အခုချိန်ထိတော့ အပြီးသတ် ဆုံးဖြတ်ချက် မလုပ်ရသေးပေမယ့် ကလော့ပ် ကိုယ်တိုင်လည်း သဘောတူပေးမယ်ဆိုရင်တော့ မြို့တွင်း အောင်ပွဲခံမှု ပလန်ကို ရှေ့တိုးသွားဖို့ ရှိနေပါတယ်။