လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကာရာဘောင်းဖလား ဗိုလ်စွဲပြီးနောက် သူတို့ရဲ့ အဓိက ဆုဖလား စာရင်းမှာ တစ်လုံး ထပ်တိုးသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာရာဘောင်းဖလားဟာ လီဗာပူးအသင်း အတွက် ၄၆ လုံးမြောက် ဆုဖလားလည်း ဖြစ်ပါတယ်။ အင်္ဂလန်မှာ အအောင်မြင်ဆုံး ကလပ်အသင်း လီဗာပူးကလည်း ဆက်လက် ဦးဆောင်ထားဆဲ ဖြစ်ပြီး ဒုတိယနေရာမှ မန်ချက်စတာ ယူနိုက်တက်ကို ဖလား ၃ လုံး အသာ ရထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အဓိက ဆုဖလား ၄၃ လုံး ရယူထားပြီး အင်္ဂလန် မှာ ဒုတိယ အအောင်မြင်ဆုံး အသင်း အဖြစ် ရှိနေပါတယ်။ ဒီဆုဖလားတွေထဲမှာ ကွန်မြူနတီဒိုင်းလို အောင်မြင်မှုမျိုးတော့ ထည့်တွက်ထားခြင်း မရှိပါဘူး။

အင်္ဂလန် အမှတ်ပေးလိဂ် စတင်တည်းက စလို့ သမိုင်း အစဉ်အလာ ကောင်းကောင်းနဲ့ အင်္ဂလန်မှာ လွှမ်းမိုးထားတဲ့ ဒီနှစ်သင်းဟာ ယာဂင်ကလော့ပ် ရောက်လာပြီးတဲ့နောက် ပို အခြေကျလာတဲ့ လီဗာပူးက ဖလား အရေအတွက် အသာရကာ ယူနိုက်တက်ကို ကျော်ဖြတ်သွားခဲ့တာပါ။

ကလော့ပ်ခေတ်ကလည်း ဒီရာသီ ကုန်ရင် အပြီးသတ်တော့မှာ ဖြစ်လို့ လီဗာပူးအသင်း အနေနဲ့ ဒီရာသီ ဖလား ဘယ်နှလုံး ထပ်မံ ရယူနိုင်ဦးမလဲ မျှော်လင့်ရဦးမှာ ဖြစ်ပါတယ်။

တဖက်မှာ မန်ချက်စတာ ယူနိုက်တက်ကတော့ ပြည်တွင်းဖလား အက်ဖ်အေ ပြိုင်ပွဲ တစ်ခုမှာသာ ချန်ပီယံ လမ်းကြောင်းမှာ ရှိနေသေးတာပါ။