လီဗာပူးအသင်းက ချယ်ဆီးအသင်းကို အနိုင်ရခဲ့တာဟာ ကလော့ပ်ရဲ့ ကလေးတစ်သိုက်က ပေါင် ဘီလျံနဲ့ချီ သုံးမရတဲ့ ချယ်ဆီးကို အနိုင်ယူခဲ့တာလို့ ဂယ်ရီနဗီးရဲ့ ပြောဆိုမှုဟာ ပြောသင့်တဲ့ စကားမျိုး မဟုတ်ဘူးလို့ ပိုချက်တီနိုက တုန့်ပြန်လိုက်ပါတယ်။

ဒုတိယပိုင်းမှာ ကလော့ပ်က လူငယ်တွေကို ဦးစားပေး ထည့်သုံးခဲ့သလို ချယ်ဆီးကို ဗန်ဒိုက်ရဲ့ သွင်းဂိုးနဲ့ အနိုင်ရချိန်မှာ ကွင်းထဲ ရှိနေတဲ့ သူ့ ကစားသမား ၁၁ ဦးထဲက ၆ ဦးဟာ လီဗာပူးအကယ်ဒမီက လာတဲ့သူတွေ ဖြစ်ပါတယ်။

နဗီးက ချယ်ဆီးအသင်း ဂိုးပေးရချိန် ပေါင်ဘီလျံချီတဲ့ သုံးစားမရသူများ လို့ စကိုင်းစပေါ့ကနေ ကြေညာခဲ့တယ်။ လူမှုကွန်ယက်မှာ အရမ်းနာမည်ကြီးနေတဲ့ ဒီဝေဖန်စကားအတွက် ပိုချက်တီနိုကတော့

‘ နဗီး ပြောခဲ့တာကို ကျနော် မကြားလိုက်ပါဘူး။ ဒါပေမယ့် ဒီနှစ်သင်းက အသက်အရွယ်ပိုင်း သိပ်မကွာဘူး ထင်ပါတယ်။ ကျနော် ဂယ်ရီနဲ့ ဆက်ဆံရေး ကောင်းပါတယ်။ သူဘာကြောင့် အဲ့လို စကားမျိုး ပြောခဲ့လဲ မသိပါဘူး။

ဒါက သူ့အမြင်ပါ၊ သူ့အမြင်ကို ကျနော် လေးစားပါတယ်။ ကျနော်တို့ လူစားလဲခဲ့ရတာကလည်း ဂါလယ်ဂါနဲ့ ချေးဝဲလ်တို့ အင်အားကုန်ခမ်းလာလို့ပါ။

ဒါကို နဗီးက ဘာလို့ အဲ့လိုမျိုး မှတ်ချက်ပေးနိုင်ရတာလဲ ကျနော် မသိဘူး။ ကျနော်ကတော့ အသင်းသားတွေအတွက် ဂုဏ်ယူပါတယ်။ ကျနော်တို့က ငယ်ရွယ်တဲ့ အသင်းတစ်သင်းဖြစ်ပြီး လီဗာပူးနဲ့ ဒီလို နှိုင်းယှဉ်လို့ မသင့်ပါဘူး။

လီဗာပူးကလည်း လူငယ်တွေနဲ့ ကစားခဲ့တယ်။ ဒါပေမယ့် ဒါမျိုးကြီး ပြောဖို့တော့ မသင့်ပါဘူး ’ လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။