မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ နော်တင်ဟမ် ဖောရက်စ်ကို ကာဆီမီရိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အတူ ၁-ဝ နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်သွားပြီ ဖြစ်ပါတယ်။

ကွာတားအဆင့်မှာ ယူနိုက်တက်ဟာ ခြေစွာနေတဲ့ လီဗာပူးနဲ့ ထိပ်တိုက်တွေ့နေတာပါ။ မတ်လအတွင်း ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေချိန် သူ့အသင်း ခြေစွမ်းတည်ငြိမ်မှု မရှိဘူး ပြောကြတဲ့ ဝေဖန်မှုတွေအား နည်းပြတန်ဟက်က လက်မခံနိုင်ဘဲ ခါးခါးသီးသီး တုန့်ပြန်လိုက်ပါတယ်။

” ကျွန်တော်တို့က ခြေစွမ်းတည်ငြိမ်ပါတယ်။ ၂၀၂၄ ထဲမှာ တစ်ပွဲပဲ ရှုံးထားတယ်၊ ဒီတော့ ကျွန်တော့် အသင်း စွမ်းဆောင်ရည်က တည်ငြိမ်တယ်။ နိုင်ပွဲတိုင်းက အရေးကြီးတယ်၊ ဒါပေမယ့် ပွဲရလဒ်တိုင်းကို ၂၄ နာရီထိပဲ ထားပြီး နောက်ပွဲ အတွက် ဆက်လုပ်ရတာပဲ။

သိပ်ကောင်းတဲ့ ပွဲစဉ်တွေ ရောက်လာပါတော့မယ်။ အသင်းက ဒီနေ့မှာ သိပ်ကောင်းတယ် ပြသခဲ့သလို လာမယ့်ပွဲတိုင်းမှာ ဆက်ပြီး ပြသပါမယ်။ ဒီနှစ်လအတွင်း ကျနော်တို့ အနိုင်ရဖို့ နည်းလမ်း ရှာလာနိုင်ပါပြီ ” လို့ တန်ဟက် က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့် ဆန်းဒေး ပရီးမီးယားလိဂ်မှာလည်း မန်ချက်စတာ ဒါဘီပွဲ အဖြစ် စီးတီးနဲ့ တွေ့မှာ ဖြစ်သလိုလို့ အက်ဖ်အေဖလား ကွာတားမှာ လီဗာပူးနဲ့ တွေ့နေတာမို့ စိန်ခေါ်မှုတွေကတော့ ပြင်းထန်နေပါတယ်။