ဖောရက်စ်နဲ့ ယူနိုက်တက်တို့ရဲ့ အက်ဖ်အေပွဲမှာ ဘီဘီစီအတွက် ဧည့်သည် သုံးသပ်သူအဖြစ် ပါဝင်ခဲ့တဲ့ ရွန်းနီကတော့ မန်နေဂျာလောကထဲ ပြန်ဝင်လာမှာဖြစ်ကြောင်း အတည်ပြုလာပါတယ်။

ဒါဘီ၊ ဒီစီနဲ့ ဘာမင်ဂမ်တို့မှာ ကျင်လည်ခဲ့တဲ့ ရွန်းနီဟာ လက်ရှိမှာ ကလပ်လက်မဲ့ ဖြစ်နေသလို မန်နေဂျာတာဝန် ပြန်ယူနိုင်ရေး သံသယတွေ ဝင်ခံထားရသူပါ။

သရဲနီ တိုက်စစ်မှူးဟောင်းကတော့ ” မန်နေဂျာလောကထဲ ကျနော် ပြန်ဝင်မှာပါ။ ဘာမင်ဂမ် စီးတီးမှာ ဖြစ်ခဲ့တာတွေက နောက်ပြန်ဆုတ်မှုဆိုပေမယ့် ကျနော်က ဖိုက်တာ တစ်ယောက်ပါ၊ ဒီလောကထဲ ပြန်ဝင်လာမှာပါ။

မန်နေဂျာဆိုတာ အလုပ်ရဲ့ တစိတ်တပိုင်းပါပဲ။ ထိပ်တန်း မန်နေဂျာ အများအပြားဟာ သူတို့ဘဝမှာ နောက်ပြန်ဆုတ်တာတွေ ရှိခဲ့ကြတာပါပဲ။ ကိုယ်က ဒီအခြေအနေကို တုန့်ပြန်ပြဖို့ လိုပါတယ်။ နောက်တစ်ကြိမ်မှာ မှန်ကန်တာတွေ လုပ်နိုင်မှာပါ ” လို့ ဆိုပါတယ်။

ဘီဘီစီ အစီအစဉ်မှူး ဂယ်ရီ လိုင်ကာက တစ်ရက်မှာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ပေါ့ ဟုတ်လား ဆိုပြီး ရွန်းနီကို စနောက်ခဲ့ပါတယ်။

ရွန်းနီကတော့ အလေးအနက် လေသံဖြင့် ” ဒါက ကျနော် ရည်မှန်းချက်ပဲ။ အဲ့တာက ကျနော် ရောက်ချင်တဲ့ နေရာပါ။ ယူနိုက်တက် ဒါမှမဟုတ် အဲဗာတန်ကို ကိုင်တွယ်ခွင့် ရလိုတာပါ။

ဒီအခြေအနေကို ရောက်အောင် ကျနော် သွားရပါလိမ့်မယ်။ မန်နေဂျာလောကထဲ ပြန်ဝင်ရပါလိမ့်မယ်။ နောက် ၁၀ နှစ်အကြာမှာ ကျနော် လိုချင်တဲ့ ယူနိုက်တက် နည်းပြနေရာကို ရောက်နိုင်အောင် သွားရပါမယ် ” လို့ တုန့်ပြန်သွားပါတယ်။