လာမယ့် တနင်္ဂနွေနေ့ အန်ဖီးမှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူး vs မန်စီးတီး ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘယ်အသင်းက နိုင်မလဲ ဆိုတာ ဂန်းနားဟောင်းကြီး အီရန်ရိုက်က သုံးသပ်လာခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဆု အတွက် ထိပ်ဆုံးက ပြိုင်ဆိုင်နေတဲ့ ၃ သင်းထဲက ၂ သင်း ထိပ်တိုက်တွေ့ ဒီပွဲမှာ သရေရလဒ်ဟာ အာဆင်နယ်အတွက် ပိုကောင်းတဲ့ ရလဒ်ဖြစ်စေမှာပါ။

ဂန်းနားဟောင်းကြီး အီရန်ရိုက်ကတော့ နှစ်သင်းလုံးကိုတောင် ရှုံးသွားစေချင်မိတယ်လို့ ဝန်ခံပါတယ်။

အီရန်ရိုက်ကပဲ “ ကျနော် ရူးနှမ်းနှမ်း အတွေးမျိုး ရှိနေတယ်။ နှစ်သင်းလုံး ရှုံးလို့ မရဘူးလား? ဒါပဲ တွေးနေမိတယ်ဗျာ။ အာဆင်နယ်အတွက် နှစ်သင်းလုံး ရှုံးပေးကြပါလား? ” လို့ စိတ်ကူးယဉ်ဆန်ဆန် ပြောခဲ့ပါတယ်။

ထိပ်ဆုံး ၃ သင်းကြားမှာ ရမှတ် ကွာဟချက်က ၂ မှတ်ပဲ ရှိနေတာဖြစ်ကာ လီဗာပူး vs မန်စီးတီး ထိပ်တိုက်တွေ့မှုမှာ အနိုင်ရမယ့်အသင်း တစ်သင်းတော့ ထွက်ပေါ်လာဖွယ် ရှိပါတယ်။

ဂန်းနားဟောင်းကတော့ ” နှစ်သင်းလုံး သရေကျဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ လီဗာပူးဘက်က ကြည့်ရင် ဒါက အီသီဟက်မှာ ကန်ရမှာ မဟုတ်ဘူး။ ဒါက အန်ဖီးမှာ ကန်ရမှာ။

လက်ရှိ လီဗာပူးရဲ့ အခြေအနေတွေအရ ကျနော်ကတော့ အနိုင်ရမယ့် အသင်းအဖြစ် လီဗာပူးအသင်းကို ရွေးမိမှာပါ။ ” လို့ ခန့်မှန်းသွားပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံနေရာကို အဆုံးအဖြတ်ပေးမယ့် ပွဲစဉ် ၂ ပွဲကတော့ ဒီလထဲ ယှဉ်ပြိုင်ရမယ့် လီဗာပူး vs မန်စီးတီး၊ မန်စီးတီး vs အာဆင်နယ် ပွဲစဉ်တွေပဲ ဖြစ်ပါလိမ့်မယ်။