ဒီအပတ် Football podcast အစီအစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း၊ နည်းပြဟောင်းဖြစ်သူ ဆိုးရှားကတော့ သူနဲ့ လီဗာပူးကြား ဆက်နွယ်မှုကို ဖော်ထုတ်သွားပါတယ်။

ယူနိုက်တက်ရဲ့ ဂန္တဝင်တစ်ဦးလည်းဖြစ်တဲ့ ဆိုးရှားက ၁၉၉၉ ခုနှစ် ဖလား ၃ လုံးအောင်မြင်နဲ့အတူ ထင်ရှားခဲ့သူပါ။ သူဟာ ယူနိုက်တက်ကို တစ်ကျော့ပြန် တာဝန်ယူချိန်မှာတော့ ဆုဖလား အောင်မြင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

နော်ဝေသားကတော့ သရဲနီဂန္တဝင်ဖြစ်ပေမယ့် သူဟာ လီဗာပူးအသင်း အမာခံပရိသတ် တစ်ဦးဖြစ်ကြောင်း ဝန်ခံခဲ့တာပါ။ ယူနိုက်တက်ထံ မရောက်ခင်တုန်းက သူဟာ လီဗာပူးအသင်း တရားဝင် မန်ဘာဖြစ်တဲ့ထိ အားပေးခဲ့သူဖြစ်ပါတယ်။

“ ကျနော်က ယူနိုက်တက်အတွက် ကစားပေးတဲ့ လီဗာပူးပရိသတ် မန်ဘာကတ်ရှိထားတဲ့ ပထမဆုံး ကစားသမားဖြစ်နိုင်ပါတယ်။ ယူနိုက်တက်နဲ့ လက်မှတ်ထိုးလိုက်ချိန်မှာ မန်ဘာကတ်ကို ရုပ်သိမ်းလိုက်ဖို့ အသိပေးတာမျိုး မလုပ်ခဲ့ပါဘူး ” လို့ ဆိုးရှားက ဝန်ခံသွားပါတယ်။

ဆိုးရှားဟာ ကစားသမားအဖြစ် ပရီးမီးယားလိဂ်ထံ ပြောင်းလာခါနီးတုန်းက ယူနိုက်တက်ကော လီဗာပူးထံကပါ စိတ်ဝင်စားခြင်း ခံခဲ့ရပေမယ့် တရားဝင် ကမ်းလှမ်းမှုကတော့ မန်ချက်စတာ ကလပ်ထံကပဲ ရခဲ့ကြောင်းလည်း ထုတ်ဖော်သွားခဲ့ပါသေးတယ်။