ယူရိုပါလိဂ်ပွဲအဖြစ် စပါတာကို ၆-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဒုတိယပိုင်းတည်းက တနင်္ဂနွေနေ့ ယူနိုက်တက်နဲ့ အက်ဖ်အေဖလားပွဲကို စတင် စဉ်းစားနေပြီလို့ ကလော့ပ်က ထုတ်ပြောလာပါတယ်။

ပထမပိုင်း ၄၅ မိနစ်အပြီးမှာ ကလော့ပ်ဟာ အန်ဒို၊ ဒါဝင်၊ ဂိုးမက်စ်တို့ကို လူစားလဲခဲ့တာပါ။ ကနဦး အစီအစဉ်မှာ ပွဲချိန် ၇၀ ကျော်ရင် ဆာလာကိုပါ လူစားလဲဖို့ဖြစ်ပေမယ့် ဘော်ဘီကလက် ထိခိုက်ခဲ့လို့ ကွင်းလယ်ကိုပဲ ဦးစားပေးခဲ့ပါတယ်။

ကလော့ပ်ကတော့ “ အသင်းမီတင်မှာတည်းက ဒီပွဲကို (စပါတာ) အကောင်းဆုံး ကစားဖို့ ကျနော်တို့ တိုင်ပင်ခဲ့ပါတယ်။ ကောင်လေးတွေက ပွဲကို ကောင်းကောင်းစတင်ခဲ့ပြီး ၁၄ မိနစ်အတွင်း ၄ ဂိုးသွင်းခဲ့တယ်။

ဒီပွဲပြီးရင် ဘာပွဲလာမယ်ဆိုတာ အားလုံး သိကြပါတယ်။ ဒါကြောင့် ဒုတိယပိုင်းမှာတည်းက ကျနော်တို့ အပြောင်းအလဲတွေ လုပ်ခဲ့တယ်။ ရော်ဘတ်ဆန်ကို ခံစစ်မှူးအဖြစ် သုံးခဲ့တယ်။ ကြိုတင် ကာကွယ်မှုအဖြစ် ဂိုးမက်စ်၊ ဒါဝင်၊ အန်ဒိုကို အနားပေးခဲ့တယ်။

သူတို့တွေ တစ်ဦးမှ ထုတ်လိုက်ဖို့ မလိုပေမယ့် တနင်္ဂနွေနေ့မှာ ပွဲရှိနေတယ်လေ။ ဒုတိယပိုင်းမှာ အဲ့ပွဲအကြောင်း ကျနော်တို့ စတင် စဉ်းစားနေပါပြီ။ ကျနော်တို့ကော ကောင်လေးတွေပါ အဲ့ပွဲအကြောင်း စဉ်းစားနေပါပြီ။ အက်ဖ်အေပွဲအတွက် အဆင်သင့်ဖြစ်နေအောင် ကြိုးစားရမှာပါ ” လို့ ပြောခဲ့ပါတယ်။

လီဗာပူးဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ယူနိုက်တက်ရဲ့ အိုးထရတ်ဖိုဒ့်မှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။