စပါတာနည်းပြကတော့ ယူရိုပါလိဂ် ဒုတိယအကျော့မှာ လီဗာပူးကို ၆-၁ ဖြင့် ရှုံးနိမ့်အပြီး ဒီပွဲက ဘက်မညီဘူးလို့ ထုတ်ပြောလာပါတယ်။

ပထမအကျော့ကို ၅-၁ ဖြင့် ရှုံးနိမ့်ခဲ့သလို ဒီပွဲကိုပါ ရှုံးနိမ့်ခဲ့ပေမယ့် စပါတာနည်းပြက ရလဒ်ကို ကျေကျေနပ်နပ် လက်ခံပါတယ်။ သူကတော့ ချန်ပီယံလိဂ်မှာတောင် ဖိုင်နယ်လောက် ပုံမှန်တက်မယ့် အသင်းက ယူရိုပါလိဂ်မှာ လာကစားတော့ အဆင့်ချင်း မတူညီဘူးလို့ ဆိုခဲ့ပါသေးတယ်။

စပါတာနည်းပြ Priske က ‘ ကျနော်တို့က ကမ္ဘာ့အဆင့် အသင်းကို ရင်ဆိုင်ခဲ့ရတာပါ။ ဒီနှစ်ကျော့မှာ သူတို့ ချဉ်းကပ်ကစားသွားတာ၊ သူတို့ ပြသခဲ့တဲ့ အရည်အချင်းတွေကြောင့် လီဗာပူးကို အကြီးကြီး လေးစားပါတယ်။

ကျနော်တို့ရဲ့ အမှားတွေကိုတော့ စိတ်ပျက်ပါတယ် ဒါပေမယ့် ကျနော်တို့က ကမ္ဘာ့ထိပ်သီး အသင်းတစ်သင်းကို ထပ်မံ ရင်ဆိုင်ရတာပါ။ အိမ်ကနေ ကြည့်နေကြမယ့် ချက်ဘောလုံးပရိသတ်တွေ အနေနဲ့ လီဗာပူးနဲ့ စပါတာကြား အဆင့်အတန်း သိပ်ကွာခြားတာကို သိနားလည်ကြဖို့ မျှော်လင့်ပါတယ်။

ဒီရာသီမှာ ကျနော်တို့က ခြားနားတဲ့ အဆင့်တွေက အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဘက်တစ်၊ ရိန်းဂျား၊ ဂါလာတာစရေး တို့ပေါ့။ ဒါပေမယ့် လီဗာပူးကတော့ မတူညီအောင်ကို ခြားနားတဲ့ အဆင့်မှာရှိတဲ့ အသင်းပါ။

လီဗာပူးဆိုတာ လုံးဝကြီး ခြားနားတဲ့ အဆင့်မှာ ရှိနေတဲ့အသင်း။ ကျနော်တို့ကို ဘယ်သူကမှ ဒီလိုပုံစံကြီး ကစားလို့မရခဲ့ဘူး။ ဒါပေမယ့် လီဗာပူးက ချန်ပီယံလိဂ်အသင်းပါ။ သူတို့က ချန်ပီယံလိဂ်မှာပဲ ရှိနေခဲ့သင့်တာ။

ချန်ပီယံလိဂ်လို ပြိုင်ပွဲမှာတောင် သူတို့က အနည်းဆုံး ဆီမီးဖိုင်နယ်လောက် ရောက်မယ့်အသင်း။ နောက် ၂ လလောက်ဆို ပရီးမီးယားလိဂ်ဖလားတောင် ရချင်ရနေဦးမှာ။

တစ်ဦးချင်း အရည်အချင်းတွေမှာလည်း အပြတ်အသတ် ကွာခြားလွန်းတယ်။ လီဗာပူး ကစားသမားတွေ၊ နည်းပြအဖွဲ့တွေကို အရမ်း အရမ်း အထင်ကြီးမိပါတယ် ’ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။