ဒီနွေမှာ နည်းပြကလော့ပ် ထွက်ခွာသွားမှာဖြစ်ပေမယ့် လီဗာပူးက ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ကမ်မစ်ကို ခေါ်ယူရေး ဆက်လက် ကြိုးစားမယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ ဂျာမာန်သတင်းထောက် Christian Falk က ” သိရသလောက်တော့ ကလော့ပ် ရာသီကုန်ရင် ထွက်ခွာမှာဖြစ်ပေမယ့် လီဗာပူးရဲ့ ပလန်တွေက မပြောင်းလဲသေးပါဘူး။ ကမ်မစ်ကိုရဖို့ ကြိုးစားဦးမှာပါ။

ဂျာမနီကွင်းလယ်လူအတွက် လီဗာပူးရဲ့ ကြိုးစားနေမှုက ကလော့ပ် ထွက်သွားမယ့် ကိစ္စနဲ့ မသက်ဆိုင်ပါဘူး။ လီဗာပူးအသင်းဘက်က ကမ်မစ်ကို အတော်လေး စိတ်ဝင်စား စောင့်ကြည့်ထားတာပါ ” လို့ ဆိုပါတယ်။

ဒီအပတ်ထဲမှာပဲ ကမ်မစ် ကိုယ်တိုင်ကတော့ ဘိုင်ယန်မြူးနစ်မှာ ဆက်နေလိုပေမယ့် အခုချိန်ထိ ဘိုင်ယန်ဘက်က သူ့ကို စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ မလုပ်လာသေးဘူးလို့ ဝန်ခံထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီကပဲ အသက် ၂၉ နှစ် ပြည့်ထားတဲ့ ကမ်မစ်ဟာ ဘိုင်ယန်မြူးနစ်မှာ ၂၀၂၅ ခုနှစ်ထိပဲ စာချုပ်ရှိနေတာ ဖြစ်ပါတယ်။