လီဗာပူးအသင်းဟာ ဝုဗ်အသင်း ဘယ်ခြမ်း ကစားသမား နူရီကို နှစ်သက် သဘောကျတာကြောင့် ဆက်သွယ်မှုတွေ ဆက်တိုက် ပြုလုပ်နေခဲ့တယ်လို့ သိရပါတယ်။

ရော်ဘတ်ဆန် ဒဏ်ရာရနေချိန် ကိုစတက်နဲ့ ဂိုးမက်စ်တို့ ပါဝင် အားဖြည့်နိုင်ထားပေမယ့် ဘယ်ခြမ်းအစွန် နေရာမှာ လီဗာပူးအသင်း အားနည်းမှုရှိကြောင်း အတော်လေး အငြင်းအခုံဖြစ်ထားကြတာပါ။

ကလော့ပ် လက်ထက်မှာ ဘယ်ခြမ်း နေရာ အားဖြည့်ဖို့ကို ပြုလုပ်ခြင်း မရှိပေမယ့် လာမယ့်ရာသီ လီဗာပူး နည်းပြသစ် ခန့်အပ်ချိန်မှာ အဆိုပါနေရာဟာ အဓိက ပြင်ဆင်ရမယ့် နေရာအဖြစ် ရှုမြင်ခံထားရတယ်လို့ Le10sport က ဆိုပါတယ်။

ဒါကြောင့်ပဲ လီဗာပူးအသင်းဟာ ဝုဗ်အသင်းမှ အသက် ၂၂ နှစ်အရွယ် အယ်ဂျီးရီးယား ဘယ်အစွန်လူ နူရီကို ဆက်တိုက် စောင့်ကြည့်နေခဲ့တယ်။ ကစားသမားရဲ့ တိုးတက်မှု ပုံမှန် တင်ပြချက်တွေကိုလည်း ကင်းထောက်တွေက တစ်ဆင့် တောင်းခံထားကြောင်း သိရပါတယ်။

နူရီဟာ ဝုဗ်အသင်းနဲ့ ၂၀၂၆ ခုနှစ်ထိ စာချုပ်ရှိထားသူဖြစ်ကာ အလျင်စလို ရောင်းချခံရမယ့် စာရင်းထဲ မပါဝင်ပါဘူး။ လီဗာပူးကတော့ အသက် ၃၀ ရှိနေပြီဖြစ်တဲ့ ရော်ဘတ်ဆန် နေရာ ရေရှည် အစားထိုးဖို့ ဘယ်အစွန်လူသစ် ရှာဖွေနေတာမျိုး ဖြစ်ဖွယ် ရှိနေပါတယ်။