ပရီးမီးယားလိဂ်ကတော့ မန်စီးတီးနဲ့ ချယ်ဆီးအသင်းတို့ FFP စည်းမျဉ်း ချိုးဖောက်မယ်ဆိုရင် အမြင့်ဆုံး အပြစ်ပေးမှုကို ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားပါပြီ။

၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ အဲဗာတန်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ကို အရေးယူလိုက်တဲ့နောက် FFP ဟာ အတော်လေး လူပြောများတဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အရေးယူမှုဟာ ပုံသေမဟုတ်ဘဲ အဲဗာတန်ကို ကနဦး ၁၀ မှတ်၊ နော်တင်ဟမ် ဖောရက်စ်ကို ၄ မှတ် အမှတ်လျော့ခဲ့တာပါ။ နောက်ပိုင်းမှာ အဲဗာတန်ကို ၆ မှတ်လျော့အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

မန်စီးတီးနဲ့ ချယ်ဆီးအသင်းတို့ကတော့ သူတို့ရဲ့ အပြစ်တွေ ထင်ရှားမယ်ဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်တွေ ကျခံရမှာဖြစ်ပါတယ်။ အဆိုပါ အမြင့်ဆုံးပြစ်ဒဏ်ကတော့ ပရီးမီးယားလိဂ်ကနေ ထုတ်ပယ်ခံရခြင်းပဲ ဖြစ်တယ်လို့ သတိပေးခံလာရပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့ ၁၁၅ ချက်ပါ စွဲချက်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လွတ်လပ်သော ကော်မရှင်ကနေ နောက်ဆုံး ဆုံးဖြတ်ချက်ဟာ လက်ရှိ ဘောလုံးရာသီမကုန်ခင် ဧပရယ်လလောက်မှာ ကြေညာသွားဖို့ ရှိပါတယ်။

ချယ်ဆီးအသင်းကတော့ အေဘရာမိုဗစ် လက်ထက်က ကိစ္စတွေအတွက် ယူအီးအက်ဖ်အေဘက်က ပေါင် ၈.၆ သန်း ဒဏ်ငွေ ချမှတ်ထားခြင်းကို ရင်ဆိုင်ထားရပြီးပါပြီ။ လန်ဒန်ကလပ်နဲ့ ပတ်သက်လို့ ပရီးမီးယားလိဂ်က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။