ရော်နယ်ဒို နောက်ပိုင်း များစွာသော ကစားသမားတွေဟာ ဆော်ဒီလိဂ်ထံ ပြောင်းရွှေ့ခဲ့ကြပေမယ့် ဥရောပကလည်း ထိပ်သီး ကစားသမားတွေကို မြင့်မားတဲ့ လုပ်ခမျိုး ပေးချေနေဆဲပါ။

မက်ဆီ၊ နေမာ၊ ရော်နယ်ဒိုတို့လို ဥရောပ ပြင်ပမှာ ရူးလောက်တဲ့ လုပ်ခမျိုး ရရှိနေကြသူတွေကို ဖယ်ထုတ်ပြီး လက်ရှိ ဥရောပရဲ့ လုပ်ခပိုင်း အမြင့်ဆုံး ရရှိနေတဲ့ ကစားသမားတွေကို Transfermarkt ရဲ့ စာရင်းပြုစုမှုအား ကိုးကားလို့ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

၉ – ဗာရန်း (တစ်လ ယူရို ၁.၇၂ သန်း)

ယူနိုက်တက် ခံစစ်မှူးဟာ မြင့်မားတဲ့ လုပ်ခပိုင်ရှင်ဖြစ်ကာ ဘယ်လင်ဟမ်၊ ဗင်နီးဆီးယက်စ်အပြင် အသင်းဖော်ဖြစ်တဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ထက်တောင် လုပ်ခများပြားသူ ဖြစ်ပါတယ်။

၈ – ဆာလာ (တစ်လ ယူရို ၁.၇၇ သန်း)

လီဗာပူးအသင်းရဲ့ လုပ်ခ အမြင့်ဆုံး ကစားသမားဟာ ဥရောပမှာလည်း ထိပ်တန်း လုပ်ခရှင်ဖြစ်ပါတယ်။ သူ့ကို ဒီနွေမှာ ဆော်ဒီပရိုလိဂ်က ခေါ်ယူလိုကာ ရော်နယ်ဒိုနဲ့ ပြိုင်ဘက်ပုံစံ ဖန်တီးလိုနေပါတယ်။

၇ – ကာဆီမီရို (တစ်လ ယူရို ၁.၇၇ သန်း)

ယူနိုက်တက်မှာ ၂၀၂၆ ခုနှစ်ထိ စာချုပ်ရှိနေတဲ့ ဘရာဇီးကွင်းလယ်လူကလည်း မြင့်မားတဲ့ လုပ်ခမျိုး ပိုင်ဆိုင်ထားသူပါ။

၆ – လီဝန်ဒေါစကီး (တစ်လ ယူရို ၁.၈၇ သန်း)

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘာစီလိုနာမှာ လာလီဂါဖလား အောင်မြင်ခဲ့ကာ ဒီရာသီမှာလည်း ချန်ပီယံလိဂ် အိပ်မက်မျိုး ရှိနေပါတယ်။

၅ – အလာဘာ (တစ်လ ယူရို ၁.၈၈ သန်း)

ဒီစာရင်းထဲ ရီးရဲလ်ခံစစ်မှူး ပါဝင်တာက အံ့ဩစရာ ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် အသက် ၃၁ နှစ်အရွယ် ခံစစ်သမားဟာ မက်ဒရစ်ရဲ့ ထိပ်တန်း လုပ်ခရှင်ပဲ ဖြစ်ပါတယ်။

၄ – ဟာလန်း (တစ်လ ယူရို ၁.၉ သန်း)

ဒေါ့မွန်ကနေ မန်စီးတီးကို ပြောင်းလာခဲ့တဲ့ နော်ဝေသား ဂိုးသွင်းဆက်ဟာ မန်စီးတီးရဲ့ ထိပ်တန်း လုပ်ခရှင်အဖြစ် ဒီဘရိုင်းနောက်မှာ ရှိနေသူပါ။

၃ – ဒီဘရိုင်း (တစ်လ ယူရို ၂.၀၂ သန်း)

မန်စီးတီးအပြင် လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အမြင့်ဆုံးသော လုပ်ခရှင်ပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဘယ်ဂျီယံသားနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ် အောင်မြင်ခဲ့ပါတယ်။

၂ – ဟယ်ရီကိန်း (တလ ယူရို ၂.၁ သန်း)

အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်ဟာ ဘွန်ဒက်လီဂါမှာလည်း သူ့ရဲ့ ဂိုးသွင်းနိုင်စွမ်းကို ပြသနေပါတယ်။

၁ – အမ်ဘာပေ (တလ ယူရို ၆ သန်း)

ပီအက်စ်ဂျီရဲ့ ထိပ်တန်း လုပ်ခရှင်ဟာ ဒီနွေမှာ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့မှာဖြစ်ပြီး တူညီတဲ့ လုပ်ခမျိုး ရသွားမှာ မဟုတ်ပါဘူး။