စနေနေ့မှာ ယှဉ်ပြိုင်ကစားတဲ့ ဘရာဇီးအသင်းနဲ့ ခြေစမ်းပွဲမှာ ယူနိုက်တက်အသင်းရဲ့ ၁၈ နှစ်အရွယ် ကွင်းလယ်လူ မိုင်နူးဟာ အင်္ဂလန်အတွက် လူစားဝင်အဖြစ် ပွဲကစားခွင့်ရခဲ့ပါတယ်။

ဒါဟာ ၁၈ နှစ်အရွယ် ကစားသမားကို ယူ-၂၁ မှာ အစမ်းသပ်မခံဘဲ အဆင့်ကျော်ပြီး အသုံးပြုခြင်းလို့ မေးခွန်းထုတ်သူတွေလည်း ရှိနေပါတယ်။ ကနဦးမှာ မိုင်နူးဟာ ယူ-၂၁ အတွက် ကစားပေးရမှာဖြစ်ပေမယ့် လက်ရွေးစင်ကို တိုက်ရိုက် ရောက်လာခဲ့ပါတယ်။

အဆိုပါပွဲမှာ ဟာဗေး၊ မာဒူခီ၊ ဂျေဒန်တို့က အင်္ဂလန်အတွက် ဂိုးတွေ သွင်းပေးခဲ့ကာ ၂၀၂၅ ယူ-၂၁ ယူရိုပြိုင်ပွဲ ခြေစစ်ပွဲအတွက် သက်သောင့်သက်သာ နိုင်ပွဲကို ရယူပေးခဲ့ပါတယ်။

ယူ-၂၁ အသင်းမှာတော့ အဓိက ကစားသမား ဟာဗေးဟာ ၁၉ ပွဲကစား ၈ ဂိုးထိ သွင်းယူထားနိုင်ပြီ ဖြစ်ပါတယ်။ သူဟာ လီဗာပူးအသင်းမှာလည်း ခြေစွမ်းပြနေသူဖြစ်ကာ အင်္ဂလန်လက်ရွေးစင်မှာ ပါဝင်ခွင့်ရဖို့ ထိုက်တန်နေပြီလို့ မှတ်ချက်ပေးခံလာရပါတယ်။

” ဟာဗေးက အင်္ဂလန်စီနီယာအသင်းမှာ ရွေးချယ်ခံရသင့်ပါပြီ။ ”

” သံသယရှိစရာ မလိုဘူး။ ဟာဗေးက မိုင်နူး၊ ဂါလယ်ဂါ၊ ဟန်ဒါဆန်တို့ကို ကျော်ပြီး အင်္ဂလန်မှာ ရွေးခံရသင့်သူပါ။ ”

” ဟာဗေးက ယူ-၂၁ အဆင့်အတွက် ကောင်းလွန်းနေပါတယ်။ ဆောက်ဂိတ်က သူ့ကို မရွေးတာက သူက လန်ဒန်အသင်းတစ်သင်း ဒါမှမဟုတ် မန်ချက်စတာ တစ်သင်းအတွက် ကစားပေးတာ မဟုတ်လို့ ထင်ပါတယ်။ ” စသဖြင့် မှတ်ချက်ပေးနေကြတာ ဖြစ်ပါတယ်။