အာဆင်နယ် လူငယ်ကြယ်ပွင့် တိုက်စစ်မှုးလေး အိုဘီ မာတင် ကတော့ ဂန်းနားတို့ရဲ့ ပြိုင်ဘက်အသင်း မန်ချက်စတာ ယူနိုက်တက်မှ တိုက်စစ်မှုးကိုမှ စံပြ Idol အဖြစ် သတ်မှတ်ထားကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ဒိန်းမတ် သတင်းဌာန Bold နဲ့ အင်တာဗျူးမှာ သူ့ရဲ့ စံပြ ကစားသမားက ဘယ်သူ ဖြစ်မလဲ အမေးကို အိုဘီ မာတင်က အခုလို ဖြေကြားခဲ့ပါတယ်။

” ကျွန်တော်ကတော့ ရာစ်မတ်စ် ဟွိုင်လန်းကို တကယ် သဘောကျတယ်။ သူက သန်မာတယ်၊ ပါဝါကောင်းတယ်။ သူ့ဆီကနေ အများကြီး သင်ယူနိုင်တယ်။ အစောပိုင်း သူ ယူနိုက်တက် ရောက်စက ဂိုး အများကြီး မသွင်းနိုင်ဘူး။ အခုတော့ သူ လုံးဝ ခြေတွေ့နေပြီ။

သူကတော့ ဘယ်ခြေသန်တာ၊ ကျွန်တော်တော့ ညာခြေသန်။ ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက်လုံး ဂိုးတွေ သွင်းနိုင်တယ်။ ” လို့ ဂန်းနား ဆယ်ကျော်သက်လေးက ဖြေကြားခဲ့တာပါ။

ဟွိုင်လန်းဟာ အသက် ၂၁ နှစ်သာ ရှိသေးတဲ့ ဒိန်းမတ် တိုက်စစ်မှုး ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ယူနိုက်တက်နဲ့ အတူ အခြေကျ ဂိုးတွေ သွင်းနေပြီ ဖြစ်ပါတယ်။