မန်စီးတီးနဲ့ အာဆင်နယ် ကစားသမားဟောင်း ဆက်ဂညာကတော့ ဒီအပတ် အီတီဟတ်မှာ ထိပ်တိုက်တွေ့မယ့် မန်စီးတီး vs အာဆင်နယ်ပွဲကို သုံးသပ်ခန့်မှန်းမှု လုပ်လာခဲ့ပါတယ်။

အမှတ်ပေးဇယား ထိပ်ဆုံးနဲ့ တတိယနေရာမှာ ရှိနေတဲ့ ကလပ် ၂ သင်းကြား ထိပ်တိုက်တွေ့တာမို့ ဖလားပြိုင်ဆိုင်မှုအတွက် အတော်လေး အရေးကြီးတဲ့ ပွဲစဉ် ဖြစ်နေတာကတော့ သေချာလှပါတယ်။

ဒီပွဲဟာ ဥရောပအဆင့် ပွဲကောင်းတစ်ပွဲဖြစ်ကာ အပြန်အလှန် တိုက်စစ်ကစားမှုတွေနဲ့အတူ ပြင်းထန်တဲ့ ပွဲတစ်ပွဲဖြစ်လာမယ်လို့ ဆက်ဂညာက အခုလို ခန့်မှန်းခဲ့ပါတယ်။

‘ မနှစ်တုန်းက အမ်းမရိတ်မှာကော၊ အီတီဟတ်မှာကော ဒီနှစ်သင်း ထိပ်တိုက်တွေ့တဲ့ ပွဲတွေကို ကျနော် ကြည့်ခဲ့ပါတယ်။ ပွဲရဲ့ ပြင်းထန်မှုကို ကျနော်တော့ အတော်လေး အထင်ကြီးမိပါတယ်။

ကျနော် ကစားတုန်းကထက်တောင် ပိုမြန်ဆန်လာကြပါတယ်။ ဖိအားပေးမှုတွေလည်း အတော်လေး ပြင်းထန်ပါတယ်။ မန်နေဂျာတွေက နေရာလွတ်တွေ သိပ်မပေးလိုကြပါဘူး။ ဒီပွဲက ပရီးမီးယားလိဂ်မှာတင် မဟုတ်ဘဲ ဥရောပမှာပါ ထိပ်တန်းပွဲကောင်း ဖြစ်ပါတယ်။

မန်စီးတီးက တိုက်စစ်အရမ်း ကစားတာကြောင့် သူတို့ ကောင်တာပြန်မိသွားနိုင်ပါတယ်။ အာဆင်နယ် ကစားသမားတွေ ဘယ်လောက်မြန်လဲ ကျနော်တို့ သိနေတာပဲ။

တိုက်စစ်အရမ်း အားပြိုင်မယ့်ပွဲဖြစ်ပါတယ်။ မန်စီးတီးက ဘယ်လို ပြိုင်ဘက်ကို မဆို ဖိအားပေးနိုင်သလို အာဆင်နယ်ကလည်း အသင်းတိုင်းကို ဖိအားပေးနိုင်ပါတယ်။ ကျနော်ကတော့ သရေပွဲဖြစ်သွားမယ် ထင်ပါတယ် ’ လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။