မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ကွင်းလယ်လူ မိုင်နူးဟာ အရွယ်နဲ့မလိုက်တဲ့ တည်ငြိမ် ရင့်ကျက်မှုနဲ့ အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားသူလို့ သရဲနီ တိုက်စစ်မှုးဟောင်း ဝိန်းရွန်းနီက သုံးသပ် မှတ်ချက်ပေးလိုက်ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူငယ်လေး မိုင်နူး ဟာ ကမ္ဘာ့ဖလား ချန်ပီယံဟောင်း ရှဝိုင်းစတိုင်ဂါနဲ့ ဆင်တူတဲ့ အရည်အချင်းမျိုး ပိုင်ဆိုင်ထားကြောင်း ရွန်းနီ က အသေးစိတ် ချီးကျူးခဲ့ပါတယ်။

ရွန်းနီ က “ သူက အသက်ငယ်ငယ်နဲ့ အံ့မခန်း ခြေစွမ်းမျိုး ရှိတယ်လို့ ထင်ပါတယ်။ ရင့်ကျက်တဲ့ စိတ်သဘောထားမျိုးလည်း ရှိပါတယ်။

လူငယ် ကစားသမားတွေ စီနီယာအသင်းကို ရောက်လာကြချိန်မှာ သာမာန်အားဖြင့် အရိုင်းထည်လေးတွေဖြစ်နေ တတ်သလို ကစားဖို့ အများကြီး ပြင်ဆင်ထားကြတာမျိုး မရှိပါဘူး။

မိုင်နူးကို ကြည့်ရတာ ရှဝိုင်းစတိုင်ဂါ ငယ်ငယ်တုန်းက ကစားတာကို မြင်နေရသလိုပါပဲ၊ သူက အမြဲတမ်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ရွေးချယ်လုပ်နိုင်ပါတယ်။ သိပ်ကောင်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ ကစားသမားပါ။” လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာ ယူနိုက်တက် စီနီယာအသင်းကို ရောက်လာတဲ့ မိုင်နူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ ပွဲ ကစားထားသလို အင်္ဂလန် လက်ရွေးစင် အသင်းထံ ငယ်ငယ်ရွယ်ရွယ်နဲ့ ရွေးချယ်ခံထားရပြီ ဖြစ်ပါတယ်။